CNI International News

ဟနွိုင်း၊ မေလ ၇

ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုများ အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်တို့၏ လှုပ်ရှားမှုများကို ဗီယက်နမ်က ဆန့်ကျင်ကြောင်း ကန့်ကွက်စာများ ပေးပို့ခဲ့သည့် ဖြစ်ရပ်သည် ရေရှည်တွင် အမှားအယွင်းမခံနိုင်သည့် အခြေအနေကို ဖြစ်လာစေနိုင်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဗီယက်နမ်သည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်နယ်နိမိတ်များအနီး တရုတ်နှင့် ဖိလစ်ပိုင်တို့၏ လှုပ်ရှားမှု များကို ဆန့်ကျင်ကြောင်း ရေးသားထားသော ပေးစာများကို တရုတ်နှင့် ဖိလစ်ပိုင်အား ပေးပို့ခဲ့ကြောင်း ဗီယက်နမ် အရာရှိတစ်ဦးက မေလ ၃ ရက်တွင် ပြောကြားခဲ့သည်။

ထိုပေးစာများထဲတွင် ဖိလစ်ပိုင်နှင့် တရုတ်အား ဗီယက်နမ်၏ နယ်နိမိတ်ပိုင်ဆိုင်မှု ကြေညာချက်များကို လေးစားရန် တိုက်တွန်းထားသည်ဟု ဆိုသည်။

ဗီယက်နမ်က ၎င်း၏ နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည့် ဆန်ဒီ ကေး (Sandy Cay) ကျောက်တန်းတွင် တရုတ် နှင့် ဖိလစ်ပိုင်တို့၏ လှုပ်ရှားမှုများကို သိရှိခဲ့ပြီးနောက် ထိုပေးစာများကို ပေးပိုခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်းက ပြောကြားခဲ့သည်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်းကို တွေ့ရစဉ်

ဧပြီ ၂၆ ရက်က တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောသည် စပရက်တလေကျွန်းစု (Spratly Islands) ကို တရုတ်က ပိုင်ဆိုင်ကြောင်း ပြသသည့် ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် ဆန်ဒီ ကေး (Sandy Cay)ကျောက်တန်းတွင် ဆိုက်ကပ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

တစ်ရက်အကြာတွင် ဖိလစ်ပိုင်ကလည်း ထိုကျောက်တန်းသို့ ကမ်းခြေစောင့်တပ်ဖွဲ့များ စေလွှတ်ခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်တို့သည် စပရက်တလေကျွန်းစုပေါ်တွင် ၎င်းတို့၏ နိုင်ငံတော်အလံများကို စိုက်ထူထားပြီး ထိုကျွန်းစု ပိုင်ဆိုင်ကြောင်း ကြေညာထားကြသည်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်း (Pham Thu Hang ) ကမူ ဆန်ဒီ ကေး (Sandy Cay) ကျောက်တန်းနှင့် ထရောင်ဆာ (Truong Sa) ကျွန်းစုများနှင့်ပတ်သက်ပြီး ဗီယက်နမ်၏ အချုပ်အခြာအာဏာကို ချိုးဖောက်နေသည့် လှုပ်ရှားမှုများအား လုပ်ဆောင်နေသော သက်ဆိုင်ရာနိုင်ငံများကို ဆန့်ကျင်ကန့်ကွက်သည့် သံတမန်ရေးရာ ပေးစာများအား ပေးပိုခဲ့ကြောင်း ပြောကြားခဲ့သည်။

 နိုင်ငံတကာတွင် စပရက်တလေကျွန်းစုဟု လူသိများသည့် ကျွန်းစုကို ဗီယက်နမ်က ထရောင်ဆာကျွန်းစုဟု အမည်ပေးထားပြီး၊ ဖိလစ်ပိုင်ကမူ ကာလာယန် (Kalayaan) ကျွန်းစုဟု အမည်ပေးထားကာ၊ တရုတ်ကလည်း နန်ရှား (Nansha)ကျွန်းစုဟု အမည်သတ်မှတ်ထားသည်။

Source: South China Morning Post