CNI International News
ဘန်ကောက်၊ ဇူလိုင် ၄
ဘူဂျထိုင်းပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ၎င်းအား ထိုင်းယာယီအစိုးရ အဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သည့် ပြည်သူ့ပါတီ၏ အဆိုပြုချက်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
၎င်းအား ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ရန် ပြည်သူ့ပါတီ၏ အဆိုပြုချက်နှင့် စပ်လျဉ်း၍ အနူတင်သည် ဇူလိုင် ၃ ရက်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ထို့နောက် အောက်လွှတ်တော်ကို ဖျက်သိမ်း၍ ရွေးကောက်ပွဲအသစ် မပြုလုပ်မီ အချိန်အထိ ယာယီအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရဖွယ်ရှိပြီး အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ဖွယ်ရှိသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ပြည်သူ့ပါတီခေါင်းဆောင် နတ်သာဖွန် ရူအန်ပန်ညာဝတ် (Natthaphong Ruengpanyawut) နှင့် အရင်ဆုံး ဆွေးနွေးမည်ဖြစ်ပြီး အဆိုပြုချက်နှင့်ပတ်သက်သည့် အချက်အလက်များကို နားထောင်သွားမည်ဟု အနူတင်က ပြောသည်။
အနူတင်နဲ့ ပြည်သူ့ပါတီခေါင်းဆောင် နတ်သာဖွန် ရူအန်ပန်ညာဝတ်ကို တွေ့ရစဉ်
သက်ဆိုင်ရာပါတီ ခေါင်းဆောင်များထံမှ ထုတ်ပြန်ချက်များ မျိုးစုံထွက်ပေါ်နေမှုကို စိုးရိမ်ပြီး တိုက်ရိုက်ဆွေးနွေးမှု များ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ထို့နောက် ဘူဂျထိုင်းပါတီတွင်း ဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိနိုင်ငံရေး အခြေအနေတွင် အတိုက်အခံအဖြစ် ရပ်တည်နေမှုနှင့် ပတ်သက်ပြီး မေးမြန်းခံရချိန်၌ အနူတင်က သူသည် နိုင်ငံ၏ အကောင်းဆုံး အကျိုးစီးပွားများကို ရှေ့တန်းတင်၍ ၎င်း၏ တာဝန်ဝတ္တရားများကို ခိုင်မာစွာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာမလိုကြောင်း ပြောကြားခဲ့ သည်။
တစ်ရက်တည်းမှာပင် နက်သာဖွန်သည် အတိုက်ခံပါတီ ၅ ခုမှ ခေါင်းဆောင်များနှင့် လွှတ်တော်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် လွှတ်တော်သက်တမ်းအတွက် ပထမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပရန် ပြင်ဆင်ခဲ့ကြ သည်။
အနူတင်နဲ့ အတိုက်အခံပါတီများကိုတွေ့ရစဉ်
ယနေ့ ပြုလုပ်သည့် အစည်းအဝေး၏ ရည်ရွယ်ချက်သည် ကြီးမားသော အရေးကိစ္စများကို ရှေ့ဆက်လုပ်ဆောင်မှု တွင် အတိုက်အခံ အင်အားစု၏ အခန်းကဏ္ဍအား ဆွေးနွေးရန်ဖြစ်ကြောင်း၊ ပါတီတစ်ခုချင်းစီ၏ ရပ်တည်ချက်များ ကို အပြန်အလှန် လေးစားရန် အရေးကြီးကြောင်းနှင့် ကြားဝင်စွက်ဖက်ခြင်း မပြုသင့်ကြောင်း နက်သာဖွန်က ပြောကြားခဲ့သည်။
အနူတင်ကလည်း ဘူဂျထိုင်းပါတီသည် အခြားအတိုက်အခံပါတီ လေးခုနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အတိုက်အခံ ခေါင်းဆောင်များ၏ အစည်းအဝေးသည် နွေးထွေးမှုရှိပြီး ထိရောက်သည့် ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ ဘူဂျထိုင်းပါတီသည် အခြားအတိုက်အခံ ပါတီများနှင့်အတူ အစိုးရအဖွဲ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: The Nation