CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၆
ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၅ ရက်က လွှတ်တော်တွင်း ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မှု၌ ဘူဂျထိုင်းပါတီ ခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အနူတင်သည် ဝန်ကြီးချုပ်ဖြစ်ရန် လိုအပ်သော ထောက်ခံမဲ အရေအတွက်ထက် ပိုမိုများပြားသည့် ထောက်ခံမဲ များကို ရရှိခဲ့ပြီး ရှင်နာဝပ်မိသားစု၏ ဖြူထိုင်းပါတီက အဆိုပြုသည့် ချိုင်ကာဆမ် နစ်တီဆရီ (Chaikasem Nitisiri) ကို အသာအယာ အနိုင်ယူခဲ့သည်။
အနူတင်သည် ၂ နှစ်အတွင်း တတိယမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်ကာ ရာထူးမှ ဖယ်ရှားခံရသည့် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) နေရာကို အစားထိုး တာဝန်ယူမည်ဖြစ်သည်။
အနူတင်သည် ထိုင်းနိုင်ငံ၏ ရှုပ်ထွေးပွေလီသည့် နိုင်ငံရေးလောကကို တည်ငြိမ်စွာ ဖြတ်ကျော်လာနိုင်ပြီး ၎င်း၏ ဘူဂျထိုင်းပါတီသည်လည်း အာဏာလွန်ဆွဲခဲ့သော အီလစ်များကြားထဲတွင် မဟာဗျူဟာကျသည့် ရပ်တည်ချက် အား ကိုင်ဆွဲထားနိုင်ခဲ့သည်။
ပေတုန်တန်ကို တွေ့ရစဉ်
ဆောက်လုပ်ရေး လုပ်ငန်းရှင်သူဋ္ဌေးကြီးဖြစ်ပြီး ကွန်ဆာဗေးတစ် တစ်ဦးဖြစ်သည့် အနူတင်သည် ထောက်ခံမဲ ၆၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သော ချိုင်ကာဆမ်ထက် ထောက်ခံမဲ အရေအတွက် ၂ ဆကျော် ရရှိကာ အနိုင်ရခဲ့ ခြင်းဖြစ်သည်။
“ကျနော် အလုပ်ကို ကြိုးကြိုးစားစား လုပ်သွားပါတယ်။ အားလပ်ရက် မယူဘဲ နေ့တိုင်း အလုပ်လုပ်ပါတယ်။ ဘာလို့လဲဆိုတော့ အချိန်သိပ် မရှိလို့ပါပဲ။ ကျနော်တို့ဟာ ပြဿနာတွေကို လျှင်မြန်စွာ ဖြေရှင်းရပါမယ်”ဟု အနူတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အသက် ၅၈ နှစ် အရွယ်ရှိပြီဖြစ်သည့် အနူတင်သည် ဒုဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး တာဝန်များကို ထမ်းဆောင် ခဲ့ဖူးပြီး COVID-19 ကပ်ရောဂါ ကာလကလည်း ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
အနူတင်သည် အတိုက်အခံ ပြည်သူ့ပါတီ ပါဝင်မည် မဟုတ်သည့် အစိုးရအဖွဲ့ကို ဦးဆော်သွားမည်ဖြစ်ပြီး စားသုံးသူစျေးကွက် လျော့ကျနေသည့် နိုင်ငံ့စီးပွားရေး အခြေအနေနှင့် အိမ်ထောင်စု ကြွေးမြီပြဿနာများ မြင့်တက်နေမှုကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
Source: ရိုက်တာ