CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၉

ယခင် ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာ အစိုးရလက်ထက်က ထိုင်းတွင် ပစ္စည်းဝယ်ယူသည့်အခါမှာ ကာလတန်ဖိုး၏ ထက်ဝက်ကို အစိုးရက စိုက်ထုတ်ပေးသည့် မူဝါဒကို ထိုင်းဝန်ကြီးချုပ်အသစ် ဖြစ်လာသော အနူတင် အစိုးရက ပြန်လည်ကျင့်သုံးမည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် ပစ္စည်းများကို ဝယ်ယူမည်ဆိုပါက ပစ္စည်းတန်ဖိုး၏ ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကို အစိုးရက စိုက်ပေးမည့် အစီအစဉ်အား ပြန်လည်ကျင့်သုံးသွားမည်ဟု ဝန်ကြီးချုပ်သစ် အနူတင်၏ ဘူဂျထိုင်းပါတီက အတည်ပြုခဲ့သည်။

ရေတို စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ထိုအစီအစဉ်ကို ယခင်ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) ၏ အစိုးရအဖွဲ့လက်ထက်က စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

 “half-half” co-payment scheme ဟု လူသိများသည့် ထိုအစီအစဉ်ကို ပရာယွတ် လက်ထက် ၂၀၂၀ ပြည့်နှစ်က ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးမူဝါဒရုံးတို့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

Covid-19 ကပ်ရောဂါကြောင့် လော့ဒေါင်းများ ချမှတ်ချိန်တွင် ထိခိုက်ခဲ့ရသည့် စီးပွားရေးကို ပြန်လည်လှုံ့ဆော်ရန် ထိုအစီအစဉ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

“half-half” co-payment scheme အရ အစိုးရသည် အစားအစာ၊ အချိုရည်နှင့် အခြေခံ ကုန်ပစ္စည်းများကဲ့သို့ နေ့စဉ် မရှိမဖြစ် လိုအပ်သည့် ကုန်စည်များ ဝယ်ယူရာတွင် ၅၀ ရာခိုင်နှုန်းကို စိုက်ပေးမည်ဖြစ်သည်။

ဝန်ကြီးချုပ်သစ် အနူတင်ကို တွေ့ရစဉ်

ထိုအစီအစဉ်အရ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားများကို ထောက်ပံ့ ပေးခြင်းဖြစ်သည်။

ထိုအစီအစဉ်ကို လျှောက်ထားမည့် သူများသည် Paotang အက်ပလီကေးရှင်းမှတဆင့် မှတ်ပုံတင်နိုင်ပြီး Google Wallet အက်ပလီကေးရှင်းဖြင့် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။

သို့သော် တစ်နေ့လျှင် လူတစ်ယောက်စီအတွက် သတ်မှတ်ထားသည့် နှုန်းထားမှာ ဘတ် ၁၅၀ ဖြစ်သည်။ 

ဥပမာ အနေဖြင့် လူတစ်ဦးသည် တစ်ရက်စာအတွက် ဘတ် ၃၀၀ ဖိုး ဝယ်ယူမည်ဆိုပါက အစိုးရက ဘတ် ၁၅၀ စိုက်ပေးမည်ဖြစ်သည်။

အစိုးရက တစ်ရက်စာအတွက် စိုက်ပေးရန် သတ်မှတ်ထားသည့် ဘတ် ၁၅၀ ဖိုး ပြည့်သွားချိန်တွင် နောက်ထပ် ကုန်ပစ္စည်းများကို ဝယ်ယူမည်ဆိုပါက ကိုယ့်ဘာသာ ငွေရှင်းရမည်ဖြစ်သည်။

အကယ်၍ ထိုင်းဝန်ကြီးချုပ်သစ် အနူတင် (Anutin Charnvirakul) ၏ အစိုးရသည် ထိုအစီအစဉ်ကို စတင်မည်ဆို ပါက လွှတ်တော်သို့ အစိုးရ၏ မူဝါဒများ တင်ပြပြီး တစ်လအတွင်းမှာပင် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

Source: The Nation