CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံက မည်မျှ အရေးပါသည့်အကြောင်းကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က တရုတ်နိုင်ငံမှာ တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲတွင် ၎င်းက ရှင်းပြခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ လူဦးရေ များပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ် တည်ရှိနေသည့်အတွက် ကုန်သွယ် မှုများပြုလုပ်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံစည်းရာနေရာ၌ ပထဝီ အနေ အထားအရ အချက်အချာကျ တည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှု အနေနှင့်လည်း လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့ဖြစ်ပါ၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများသည် တရုတ်နိုင်ငံအတွက် အလားအလာ ကောင်းများစွာ ရှိသည်ကို ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် တရုတ်နိုင်ငံသည် အဆင့် ၂ နေရာတွင်ရှိကြောင်း ပြောကြားခဲ့သည်။
မိမိတို့ နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈,၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇,၇၀၀ ကျော်ရှိကြောင်း ဖော်ပြခဲ့ သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ခိုင်မာအားကောင်းနေခြင်းကို တွေ့မြင်ရမှာဖြစ်ပြီး မိမိတို့ အနေဖြင့် တန်ဖိုးမြင့် သစ်အခြေခံ ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်တွင်း/ပြည်ပ စျေးကွက်များကို ဖြန့်ဖြူးတင်ပို့နိုင် ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခင်ထက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် ဆန္ဒရှိသည်။
ကော်မရှင်ဥက္ကဋ္ဌက “မိမိတို့ နှစ်နိုင်ငံသည် နှစ်နိုင်ငံကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ကုန်သွယ်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေးနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် နယ်စပ်ဂိတ်များသည် အရေးပါသော ကဏ္ဍတွင် ပါဝင်နေကြောင်း”ပြောသည်။
လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် ရပ်တန့်ထားရသည့် နယ်စပ်ဂိတ်များတွင် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာ ရေး ကဏ္ဍ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍများတွင် စီမံကိန်းများ ဆောင်ရွက်လျက်ရှိပြီး နည်းပညာကဏ္ဍတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်သွားလိုသည်ဟု ပြောကြားခဲ့သည်။
တရုတ်-မြန်မာ စီမံကိန်းများအနက် တရုတ်- မြန်မာ ရထားလမ်း စီမံကိန်းသည် နှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေးအတွက် အကျိုးရလဒ်ကောင်းများ ရရှိနိုင်သည့် အရေးပါသော စီမံကိန်း တစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်ထိ သွားရောက်ခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဒုသမ္မတ ဟန်ကျိန့်၊ တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ၊ ဝူဟန်တက္ကသိုလ်မှာ တာဝန်ရှိသူများကို တွေ့ဆုံ ဆွေးနွေးခဲ့သလို အာကာသနှင့် AI နည်းပညာကို လည်း လေ့လာခဲ့သည်။
ထို့ပြင် အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်၊ မလေးရှားဝန် ကြီးချုပ် အန်ဝါ၊ အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝို၊ ပါကစ္စတန်ဝန်ကြီးချုပ်၊ လာအိုသမ္မတ၊ ကာဇက်စ္စတန်သမ္မတ၊ အာဆီယံအတွင်းရေးမှူး အပါအဝင် တခြားသော နိုင်ငံများမှ ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
အလားတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးကို တက်ရောက် ဆွေးနွေးခဲ့သလို တရုတ်ပြည်သူများ၏ ဖက်ဆစ်ဂျပန်တော်လှန်ရေး အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားနေ့ကိုလည်း တက်ရောက် ခဲ့သည်။