CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၅
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ထားသော အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင်၍ စီးပွားရှာရသည်မှာ လွယ်ကူနေသဖြင့် လက်နက်စွန့်ရန်အတွက် အင်မတန်ဝန်လေးကြကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးစိုင်းဋ္ဌေးအောင်က “လက်နက်ကိုင် အဖွဲ့အစည်းများက သေနတ်ကိုင်ပြီး စီးပွားရှာရတာ လွယ်ကူနေတဲ့ အခါကြ တော့ လက်နက်စွန့်ဖို့ အင်မတန် ဝန်လေးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့ သူတို့ ပါးစပ်ဖျားက အော်နေကြတာက အလကားပါ။ အခုသူတို့လုပ်ရပ်တွေက သက်သေပြနေပါတယ်။ နိုင်ငံအတွက်ကို ချစ်ပေးကြပါ။ လူပုဂ္ဂိုလ်ကို မချစ်ပါနဲ့။ လူပုဂ္ဂိုလ်အကြောင်းပြပြီးမှ ကိုယ်ကျိုးစီးပွား မရှာကြပါနဲ့လို့ မေတ္တာရပ်ခံ ချင်တယ်။ ကိုယ်ကျိုး အတ္တတွေနည်းပြီး နိုင်ငံကိုချစ်စိတ်တွေ စုပေါင်းသွားပြီဆိုရင်တော့ ငြိမ်းချမ်းရေးက မရစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း လက်နက်ကိုင်အင်အားစုများက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ဆိုသည့် စစ်ဌာန ၂ ခု အပါအဝင် မြို့နယ်ပေါင်း ၉၀ ကျော်ကို ထိန်းချုပ် ထားနိုင်နေသည်။
လက်နက်ကိုင်ထားသူများကို တွေ့ရစဉ်
တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ နစကမှ ဖိတ်ခေါ်ထားသကဲ့သို့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ကလည်း တွေ့ဆုံ ဆွေးနွေးရန် အသီးသီး ထုတ်ပြန်ထားကြသော်လည်း ကျန်လက်နက်ကိုင်အဖွဲ့များကတော့ ထုတ်ပြန်ထားခြင်း မတွေ့ရပေ။
နိုင်ငံရေးပြဿနာအား လက်နက်ဖြင့် ဖြေရှင်း၍ ရသွားသည့်ကိစ္စမှာ အင်မတန်ရှားပါးကြောင်း၊ လက်ရှိတွင် နစကမှ ဗဟို အားနည်းနေသည့်အတွက် တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်မှုအပေါ် လာရောက်ကြရန်မှာ လက်နက် ကိုင် အဖွဲ့များအတွက် ခဲယဉ်းကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP)မှဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
NSPNC နဲ့ နိုင်ငံရေးပါတီများ ဆွေးနွေးကြစဉ်
၎င်းက “အမှန်က နိုင်ငံရေးကိစ္စဆိုတာ လက်နက်နဲ့ ဖြေရှင်းလို့ရသွားတဲ့ကိစ္စ တော်တော်ရှားပါတယ်။ နိုင်ငံရေး ပြဿနာ မပြေလည်လို့ လက်နက်ကိုင်ကြတာ။ ဒါပေမယ့် စားပွဲဝိုင်းယဉ်ကျေးမှုနဲ့ပဲ သွားကြရတဲ့ ကိစ္စတွေပါ။ အဲဒီ အခါကြတော့ စားပွဲဝိုင်းကို ရောက်လာဖို့လည်း ဒီဖက်ကလည်း ဖိတ်ခေါ်တယ်။ နစကတော့ တစ်ဖွဲ့ချင်း ဆွေးနွေး မယ် ဘာညာ ဖိတ်ခေါ်ခဲ့တာတွေ အာဏာသိမ်းခဲ့တုန်းက ရှိတယ်။ ဒါပေမယ့် ယနေ့ လက်ရှိလည်း သူတို့ပြန်ပြီး တော့မှ ဖိတ်ခေါ်တယ်။ လာဖို့တော့ အင်မတန် ခဲယဉ်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗဟိုအားနည်းတဲ့ အခါကြ တော့ ပြည်နယ်တွေမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက မခန့်လေးစားဖြစ်တဲ့အခါ ငါတို့သွားစရာ မလိုဘူး ဆိုတဲ့ မာနလေးတွေနဲ့ နေထားကြတာ အများကြီးရှိပါတယ်။ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ရယ်၊ နိုင်ငံငြိမ်းချမ်းရေး ရဖို့ရယ် ဒီအဖွဲ့အစည်းပေါင်းစုံတွေ အနေနဲ့ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့က မာနတွေလျှော့ပြီး နိုင်ငံကိုချစ်ဖို့ နံပါတ်တစ် ပြောချင်တယ်” ဟု ပြောသည်။
(၄)နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာရန်အတွက် စတင်လုပ်ဆောင်ရာမှာ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် ပလောင်တပ်ဖွဲ့ (TNLA) တို့ဖြင့်သာ ဆွေးနွေးရသေးပြီးTNLA နှင့် နစကတို့အကြား အဆင်မပြေခဲ့ကြကြောင်း သိရသည်။
တိုင်းရင်းသားများ အချင်းချင်း အပြန်အလှန် လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြ ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားဖူးသည်။