CNI International News

ဘန်ကောက်၊ ဩဂုတ် ၁၀

ထိုင်းနိုင်ငံတွင် ဖျက်သိမ်းခံခဲ့ရသည့် Move Forward Party (MFP)၏ ပါတီဝင်များက အသစ်ထပ်မံ ဖွဲ့စည်းခဲ့သော ပြည်သူ့ပါတီ(PP)က ၂၀၂၇ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရဖို့ ရည်မှန်ထားကြောင်း PP ပါတီခေါင်း ဆောင် နတ်သာဖွန် ရူအန်ပန်ယာဝပ် (Natthaphong Ruengpanyawut)က ပြောသည်ဟု Thai PBS မှ ဖော်ပြ ခဲ့သည်။ 

ဩဂုတ် ၈ ရက်နေ့က MFP လွှတ်တော်အမတ်များ ပြုလုပ်သည့် အစည်းအဝေးတွင် နတ်သာဖွန်ကို အသစ်ဖွဲ့စည်း သည့် ပြည်သူ့ပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပါတီ၏ အဖွဲ့ဝင် ၅ ဦးပါ အလုပ်အမှုဆောင်ကော်မတီကိုလည်း ရွေးချယ်ခန့်အပ်ခဲ့ပြီး MFP ၏ လွှတ်တော် အမတ် ၁၄၃ ဦးစလုံးသည် အသစ်ဖွဲ့စည်းလိုက်သည့် ပြည်သူ့ပါတီကို ဝင်ရောက်ခဲ့ကြသည်။

ပါတီခေါင်းဆောင်သစ်ဖြစ်သည့် နတ်သာဖွန်က ၎င်းတို့သည် တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲ ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု ပြောသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ၎င်းတို့ပါတီ၏ လုပ်ဆောင်မှုကို တားမြစ်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ပြည်သူ့ပါတီခေါင်းဆောင် နတ်သာဖွန်ကိုတွေ့ရစဉ်

ထို့ပြင် ယခုတစ်ကြိမ်တွင် ပိုပြီးသတိကြီးစွာထားပြီး ချဉ်းကပ်လုပ်ဆောင်သွားမည်ဟုလည်း နတ်သာဖွန်က ဆိုသည်။

တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲရေးသည် MFP က ကြေညာခဲ့သည့် မူဝါဒ ၃၀၀ ထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ဖျက်သိမ်းခံခဲ့ရသည့် ယခင်ပါတီနှစ်ခုဖြစ်သည့် Future Forward Party (FFP) ၏ မူဝါဒများကို MFP က ဆက်လက် ကျင့်သုံးခဲ့သည့်ပုံစံအတိုင်း ယခု ပြည်သူ့ပါတီကလည်း MFP ၏ အားထုတ်ကြိုးပမ်းမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု နတ်သာဖွန်က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ မိမိတို့အနေဖြင့် ပါတီ၏ သဘောထားနှင့် လူထု၏ အကျိုးစီးပွားကို အထိခိုက်မခံဘဲ အစိုးရအဖွဲ့ အတွင်း နေရာများ ရရှိရေးအတွက် အခြားပါတီများနှင့်လည်း ပွင်းလင်းစွာ ဆွေးနွေးသွားမည်ဟု လူငယ်ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သည့် နတ်သာဖွန်က ပြောသည်။

ပြည်သူ့ပါတီခေါင်းဆောင်များကို တွေ့ရစဉ် 

မိမိတို့ပါတီ၏ ပထမဦးစားပေးကိစ္စမှာ ပါတီဝင် ၁၀၀,၀၀၀ သို့မဟုတ် ပါတီဝင် ၁၀ သန်းအထိ ရှိလာစေရန်အတွက် ပါတီဝင်ဖြစ်ခွင့် လျှောက်ထားမှုများကို ဖွင့်ပေးထားရန်ဖြစ်ပြီး ဩဂုတ် ၁၀ ရက်မှ စတင်ကာ ပါတီဝင်ဖြစ်ခွင့်နှင့် ရန်ပုံငွေမြှင့်တင်ရေး လှုပ်ရှားမှုများကို စတင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ပါတီ၏ အမည်ကို ပြည်သူ့ပါတီဟု ရွေးချယ်ရသည့် အကြောင်းရင်းမှာ ပြည်သူများအတွက် ပြည်သူ့များက ကိုယ်စားပြုသည့် ပါတီတစ်ခုအဖြစ် ဖြစ်စေလိုကြောင်းနှင့် ပြည်သူများသည် ဒီမိုကရေစီစနစ်ကို ယုံကြည်ထား ခြင်းကြောင့်ဖြစ်ကြောင်း နတ်သာဖွန်က ရှင်းလင်းပြောကြားခဲ့သည်။

ပါတီ၏ အလုပ်အမှုဆောင်ကော်မတီဝင် ၅ ဦးမှာ ပါတီခေါင်းဆောင် နတ်သာဖွန် (Natthaphong)၊ ပါတီအတွင်း ရေးမှူးချုပ် ဆာရာယွတ် ဂျိုင်လက် (Sarayuth Jailak)၊ ပါတီမော်ကွန်းထိန်း နတ်သာဝပ် ဘူအာပရာသမ် (Nutthawut Buaprathum) ၊ ဘဏ္ဍာရေးအရာရှိ ချူတီမာ ကော့ချာပန် (Chutima Kotchapan) နှင့် ဖီချန် ချာအိုဝါပတ္တနဝေါင် (Phicharn Chaowapatanawong) တို့ဖြစ်သည်။

Source: Thai PBS World