CNI International News

ဘန်ကောက်၊ မတ်လ ၂၇

ထိုင်းအစိုးရအဖွဲ့ကို ၎င်း၏ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) က ထိန်းချုပ်ထားသည် ဆိုသည့် အတိုက်အခံများ၏ စွပ်စွဲချက်များကို ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ငြင်းဆိုခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ထို့ပြင် အတိုက်အခံ ပါတီဖြစ်သည့် ပြည်သူ့ပါတီ(PP)သည် အပြင်လူတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း ဖြစ်နိုင်ကြောင်းလည်း ပေတုန်တန်က ပြန်လည်ချေပခဲ့သည်။

ပေတုန်တန်သည် လွှတ်တော်တွင် ၎င်းအား အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့သည့် ဒုတိယနေ့ ဖြစ်သည့် မတ်လ ၂၆ ရက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေတုန်တန်သည် အစိုးရအဖွဲ့ကို ဦးဆောင်နိုင်စွမ်း အတွေ့အကြုံ အားနည်းကြောင်း အတိုက်အခံများက စွပ်စွဲခဲ့ပြီး ၎င်းအား အယုံအကြည်မရှိအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အတိုက်အခံ အင်အားစုဘက်မှ ခေါင်းဆောင်ဖြစ်သည့် ပြည်သူ့ပါတီခေါင်းဆောင် နက်သာပွန် ရူအန်ပန်ညာဝတ် (Natthapong Ruengpanyawut) ၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ပေတုန်တန်က ပြောသည်။

“တကယ်တော့ အပြင်လူရဲ့ လွှမ်းမိုးမှုကို ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့  ရင်ဆိုင်နေရသူဟာ ကျမ တစ်ယောက်တည်း မဟုတ်ပါဘူး။ သူ(နက်သာပွန်)လည်း အပြင်လူတစ်ဦးရဲ့ လွှမ်းမိုးမှုကို ခံနေရတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်”ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

လွှတ်တော်အတွင်းမှာ အတိုက်အခံများကိုတွေ့ရစဉ်

“ဒါပေမယ့် ကွာခြားချက်ကတော့ ကျမဟာ ကျမအဖေရဲ့ လွှမ်းမိုးမှုကို ခံနေရတယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ သူ ကတော့ သူ့အဖေ မဟုတ်တဲ့ အခြားလူတစ်ဦးရဲ့  လွှမ်းမိုးမှုအောက်မှာ ရှိနေတယ်လို့ စွပ်စွဲခံရတာပါပဲ။ ဒါက ကွာခြားပါတယ်။ ဒါပေမယ့် ကျမက တစ်စုံတစ်ယောက်ကို အဲဒီလို မပြောချင်ပါဘူး” ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

ပေတုန်တန်သည် ပြည်သူ့ပါတီ မဖွဲ့စည်းမီ ဖျက်သိမ်းခံခဲ့ရသည့် Move Forward ပါတီ (MFP) ၏ ခေါင်းဆောင်း ဟောင်းဖြစ်သူ သာနာသွန်း ဂျူအန်ဂရွန်ရူအန်ကစ် (Thanathorn Juangroongruangkit) ကို ရည်ညွှန်း ပြောကြားခြင်း ဖြစ်နိုင်သည်ဟုလည်း လေ့လာသူများက သုံးသပ်ခဲ့သည်။

ပေတုန်တန်ကို အတိုက်အခံများ၏ အယုံအကြည်မရှိအဆို တင်သွင်းမှုကို မဲခွဲဆုံးဖြတ်ခဲ့ရတွင် လွှတ်တော်အမတ် ၄၈၇ ဦးအနက် ၃၁၉ ဦးက ပယ်ချခဲ့ပြီး ၁၆၂ ဦးက ထောက်ခံခဲ့ကာ ၇ ဦးက မဲမပေးဘဲ လက်ရှောင်ခဲ့ကြသည်။

ထို့ကြောင့် ပေတုန်တန်သည် ဝန်ကြီးချုပ်အဖြစ် စတင်အာဏာရ လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။

Source: The Nation