CNI International News

ပရာဟာ၊ ဩဂုတ် ၁၀

အရှေ့ဥရောပနိုင်ငံများသည် လူငယ်တပ်သားသစ်များ စုဆောင်းရန် ရုန်းကန်နေရပြီး ယူကရိန်းနှင့် နယ်စပ်ချင်း ထိနေသည့် ပိုလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများကဲ့သို့ ဒေသတွင်း နိုင်ငံများတွင် စစ်သားအသစ်များ စုဆောင်းရန် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် နေတိုးအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အနောက်ဥရောပနိုင်ငံများသည်လည်း အလားတူ စိန်ခေါ်မှုမျိုးနှင့် ရင်ဆိုင်နေရသည်။ 

ဇူလိုင်လအတွင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်တွင် နေတိုးအဖွဲ့သည် ၎င်းတို့၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံ နယ်နိမိတ်ကို ရုရှား၏ တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန်အတွက် နောက်ထပ် တပ်မဟာ ၃၅ ခုမှ ၅ဝ အတွင်း လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

သို့သော် ဆိုဗီယက်၏ လွှမ်းမိုးမှုအောက်တွင် ဆယ်စုနှစ် လေးစုခန့် ရောက်ရှိခဲ့သည့် အရှေ့ဥရောပနိုင်ငံများ အတွက် သမ္မတ ပူတင် (Vladimir Putin) လက်အောက်မှ ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေသည်။

လူငယ်စစ်သားများကို တွေ့ရစဉ်

"ရုရှားရဲ့ ရန်လိုမှုတွေ ဖြစ်လာနိုင်ခြေရှိတာကို ကျနော်တို့ မြင်နေရပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ်အတွင်း မှာတော့ မဖြစ်နိုင်သေးပါဘူး" ဟု ယူကရိန်းနိုင်ငံ ပြန်လည်တည်ထောင်ရေးဆိုင်ရာ ချက်သံတမန် ဖြစ်သည့် ချက်ဒုတိယကာကွယ်ရေးဝန်ကြီးဟောင်း တိုမက်စ် ကိုပက်နီ (Tomas Kopecny) က ပြောကြားခဲ့သည်။

"တကယ်လို့ ရုရှားက တိုက်ခိုက် လာတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ စစ်သားအင်အား ဘယ်လောက်နဲ့ ဘယ်လို စွမ်းဆောင်ရည်တွေ ရှိရမလဲဆိုတာ သိထားဖို့လိုပါတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အစိုးရများသည် တပ်သားသစ်များ စုဆောင်းရန် အပိုဆုကြေးများကို မြှင့်တင်ပြီး ဒစ်ဂျစ်တယ် မားကက်တင်း လှုပ်ရှားမှုဘက်သို့ ပြောင်းလဲလုပ်ဆောင်လာခဲ့သည်။

ချက်ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်သားများ၊ အရံစစ်သားများနှင့် တပ်သားသစ်များအတွက် ကျန်းမာရေး သတ်မှတ်ချက် စည်းကမ်းများကို စက်တင်ဘာ ၁ ရက်မှစပြီး ဖြေလျှော့ပေးမည်ဖြစ်သည်။

လူငယ်စစ်သားများကို တွေ့ရစဉ်

သို့သော် အရှေ့ဥရောပတွင် အလုပ်လက်မဲ့နှုန်း နည်းပါးနေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါများနေ ခြင်းသည် လူငယ်များကို စစ်ထဲဝင်ရန် စည်းရုံးရာတွင် အဓိကစိန်ခေါ်မှုဖြစ်နေပြီး လူငယ်များသည် ဝင်ငွေ ပိုမိုများပြားသည့် ပုဂ္ဂလိကအလုပ်များကိုသာ ရွေးချယ်လျက်ရှိသည်။

"ကျနော်တို့မှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီမှာက အလုပ်သမားစျေးကွက်ဟာ အရမ်းကို ပြိုင်ဆိုင်မှု မြင့်မားနေ ပါတယ်" ဟု ပိုလန်စစ်တပ်၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကာရိုးလ် ဒိုင်မာနောင်းစကီး (Karol Dymanowski) က ပြောကြားခဲ့သည်။

ပိုလန်နိုင်ငံတွင်လည်း အစိုးရနှင့် စစ်တပ်အရာရှိများသည် တပ်သားသစ်များကို ရည်မှန်းချက်ပြည့်မီရန် စုဆောင်း နေသော်လည်း စစ်သား ၃၀၀,၀၀၀ ရှိသည့် စစ်တပ်တစ်ခု ထူထောင်ရေး ရည်မှန်းချက်သည် လက်တွေ့တွင် ဖြစ်လာနိုင်မည် ဟုတ်/မဟုတ်ကို ဝေဖန်ရေးသမားများက မေးခွန်းထုတ်နေကြသည်။

Source: ရိုက်တာ