CNI International News

ကိယက်ဗ်၊ မတ်လ ၁၆

နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်အဖွဲ့တစ်ဖွဲ့ကို ယူကရိန်းသို့ စေလွှတ်ပြီး ရုရှား၏ထိုးစစ်ကို ခုခံကာကွယ်ဖို့ နည်းလမ်းများ ပေးသင့်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးနှင့် မတ်လ ၁၅ ရက်၌ တွေ့ဆုံပြီးနောက် ပိုလန်အာဏာရပါတီခေါင်းဆောင်က တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ပိုလန်အာဏာရပါတီ ခေါင်းဆောင်း ဂျာရိုစလော ကက်ဇိုင်စကီ (Jaroslaw Kaczynski)သည် ချက်သမ္မတနိုင်ငံ၊ ပိုလန်နိုင်ငံ နှင့် စလိုဗေးနီးယားနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့်အတူ ယူကရိန်းမြို့တော် ကိယက်ဗ်သို့ ရောက်ရှိလာခဲ့ပြီး သမ္မတ ဇာလန်း စကီးကို တွေ့ဆုံလျက် ရုရှားနှင့်လက်ရှိ စစ်ပွဲအကြောင်း အကျဉ်းချုပ်ရှင်းပြချက်ကို နားဆင်ခဲ့ကြသည်။

၎င်းတို့အဖွဲ့သည် ဥရောပထိပ်တန်း ခေါင်းဆောင်များအနေဖြင့် ဇာလန်းစကီးကို ကျောထောက်နောက်ခံပေးရန် ကိယက်ဗ်သို့ ရောက်ရှိလာကြခြင်းလည်း ဖြစ်သည်။

“နေတိုးနဲ့ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးမစ်ရှင်တစ်ခု ရှိဖို့လိုပြီလို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ယူကရိန်း ပိုင်နက်ထဲမှာပဲ လုပ်ဆောင်ရမယ့် သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ မစ်ရှင်ဖြစ်ရပါမယ်” ဟု ကက်ဇိုင်စကီက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့လာတွေ့တဲ့ ဉရောပခေါင်းဆောင်သုံးဉီး ကိုယ်စားလှယ်(Reuters)

“ငြိမ်းချမ်းရေးအတွက်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ကြိုးပမ်းရမယ့် မစ်ရှင်တစ်ခုကို ဆိုလို ပေမယ့်လို့ တစ်ချိန်တည်းမှာပဲ သင့်တော်တဲ့ တပ်ဖွဲ့တွေ၊ လက်နက်ကိုင်တွေကိုပါ ကာကွယ်သွားဖို့ ဖြစ်ပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ကက်ဇိုင်စကီကို ပိုလန်နိုင်ငံရေးတွင် အဓိကဆုံးဖြတ်သူအဖြစ် အများက ရှုမြင်ကြသည်။

မတ်လ ၁၅ ရက်က ကိယက်ဗ်မြို့ကို ရုရှားက လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ ကိယက်ဗ်တွင် ကျူးကျော်တပ်များ တင်းကြပ်စွာ ဝိုင်းရံနေကြ သဖြင့် မြို့တော်ဝန်က ၃၅ နာရီကြာ ညလမ်းမထွက်ရ (ကာဖြူးအမိန့်) ထုတ်ပြန်ထားခဲ့ရသည်။

ပိုလန်ဝန်ကြီးချုပ် မတ်ယူဇက်မိုရာဝီကီ (Mateusz Morawiecki) ၊ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ပီထရာဖီလာ (Petr Fiala) နှင့် စလိုဗေးနီးယားဝန်ကြီးချုပ် ဂျာနက်ဂျန်ဇာတို့သည် ကိယက်ဗ်မြို့တော်သို့ မီးရထားဖြင့် ရောက်ရှိလာခဲ့ကြရာ ယခင် ဖေဖော်ဝါရီလကုန်ပိုင်း ယူကရိန်း အကျူးကျော်ခံရပြီးနောက်ပိုင်း ပထမဆုံး လာရောက်ကြသည့် နိုင်ငံရပ်ခြားမှ ခေါင်းဆောင် များ ဖြစ်သည်။

ရောက်ရှိလာကြသော ဧည့်သည်တော် ခေါင်းဆောင်များ၏ အားပေးကူညီမှုကို ကျေးဇူးတင်ကြောင်း၊ နိုင်ငံတကာ သံတမန် အများအပြား မိမိတို့ကိယက်ဗ်မြို့တော်မှ ထွက်ခွာသွားကြခြင်းအပေါ် သိရှိနားလည်ပါကြောင်း ဇာလန်းစကီးက ဧည့်ခံကြိုဆို ၍ နှုတ်ခွန်းဆက်ခဲ့သည်။

ဇာလန်းစကီးကိုတွေ့ရစဉ်(Reuters)

ထို့နောက် “ကျနော်တို့က ဘာကိုမှ မကြောက်ပေမယ့် ကျနော်တို့ ကံကြမ္မာကို ပိုကြောက်တယ်” ဟု ဇာလန်းစကီးက ဧည့်သည်တော်များကို ပြောကြားခဲ့သည်။

“ကျနော်တို့က ဒီနိုင်ငံတွေနဲ့ ဒီလိုခေါင်းဆောင်တွေကို အပြည့်အဝ ယုံကြည်ပါတယ်။ အခု ကျနော်တို့ ဆွေးနွေးသမျှဟာ ကျနော်တို့နိုင်ငံ၊ ကျနော်တို့ လုံခြုံရေးနဲ့ အနာဂတ်ရည်မှန်းချက်တွေ ပြီးမြောက်ဖို့ ရာနှုန်းပြည့်သေချာပါတယ်” ၎င်းက သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယခင်က ကွန်မြူနစ်နိုင်ငံများဖြစ်ခဲ့ကြပြီး လက်ရှိ EU နှင့် NATO အဖွဲ့ဝင်ဖြစ်နေကြသော ချက်သမ္မတနိုင်ငံနှင့် ပိုလန်နိုင်ငံတို့ သည် ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယူကရိန်းကို အခိုင်မာဆုံး ကျောထောက်နောက်ခံ ပေးနေခဲ့ကြသည်။

“အခုလို စစ်ဒဏ်ခံနေရတဲ့ ကိယက်ဗ်မြို့မှာ အခုဆိုရင် သမိုင်းကြောင်း အချက်အလက် ဖန်တီးနေတာ ဖြစ်ပါတယ်။ ဒီတိုင်း ပြည်ရဲ့ လွတ်လပ်ရေးဟာ အာဏာရှင်ကမ္ဘာကို တိုက်ထုတ်နေတာပါ။ ကျနော်တို့အားလုံး လတ်တလော ဟန်ချက်ညီညီ ရှိနေကြပါတယ်” ဟု အစည်းအဝေး မစတင်မီ ပိုလန်ဝန်ကြီးချုပ် မတ်ယူဇက်မိုရာဝီကီက တွစ်တာလူမှုကွန်ရက်ပေါ်သို့ ရေးသားလွှင့်တင်ခဲ့သည်။