CNI International News

ကိယက်ဗ်၊ မတ်လ ၁၆

ရုရှားတိုက်လေယာဉ် ၇၀ နီးပါးနှင့် ရဟတ်ယာဉ် အစီး ၈၀ နီးပါးကို ပစ်ချနိုင်ခဲ့သော်လည်း ယူကရိန်းလေတပ်သည် ရုရှားကို ဝေဟင်တွင် ရင်ဆိုင်ခုခံရေးမှာ ခြိမ်းခြောက်ခံနေရဆဲဖြစ်သည့်အတွက် ပိုလန်နိုင်ငံထံမှ ဆိုဗီယက်ခေတ် MiG-29 တိုက်လေ ယာဉ်များ အရေးတကြီးလိုအပ်နေသည်ဟု ယူကရိန်းထိပ်တန်း ဗိုလ်ချုပ်ကြီးက ပြောသည်။

ထို့နောက် နိုင်ငံ၏ ဒေသအချို့တွင် နေတိုးအဖွဲ့က မပျံသန်းရဇုန် သတ်မှတ်ပေးရေး လတ်တလော အရေးတကြီး လိုအပ်နေ ကြောင်း ၎င်းက ဆက်လက် တောင်းဆိုခဲ့သည်။

ယူကရိန်းလေတပ် အကြီးအကဲဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ အဓိကအဖွဲ့ဝင်ဖြစ်သူ ဗိုလ်ချုပ်ကြီး ဆာဟီးဒရော့ဇ် ဒေါ့ (Serhii Drozdov) သည် Yahoo News “Skullduggery” podcast အတွက် အင်တာဗျူးတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ လေယာဉ်တွေ အများကြီး ဆုံးရှုံးခဲ့ရလို့ စစ်ရေးစွမ်းရည်ကို ပြန်မြှင့်တင်ရပါမယ်။ ယူကရိန်း အောင်ပွဲခံစေချင်ရင် ယူကရိန်းရဲ့ ကောင်းကင်ယံကို ကာကွယ်ဖို့ စဉ်းစားရမယ်။ လက်နက်အပြည့်အစုံမရှိဘဲ ကိုယ့်ကိုယ်ကို ခုခံကာကွယ်လို့ မရ ဘူးဗျ”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သို့သော်လည်း ယခုအချိန်အထိ ဘိုင်ဒန်အစိုးရသည် MiG ဂျက်တိုက်လေယာဉ်များ လွှဲပြောင်းပေးရေးနှင့် နေတိုး မပျံသန်းရ ဇုန် သတ်မှတ်ပေးရေး နှစ်ခုစလုံးကို အပြင်းအထန် ငြင်းဆန်နေဆဲဖြစ်ပြီး ယင်းလုပ်ရပ်သည် အမေရိကန်နှင့်ရုရှားတို့အကြား တိုက်ရိုက်အားဖြင့် ထိပ်တိုက်တွေ့မည့် အန္တရာယ်ကို စိုးရိမ်ပူပန်နေသည်။

ဗိုလ်ချုပ်ကြီး ဆာဟီးဒရော့ဇ်ဒေါ့ကို တွေ့ရစဉ်(GETTY IMAGES)

ယခုစစ်ပွဲ ကာလအတွင်း ရုရှားနှင့် ယူကရိန်း လေယာဉ်ပျက်စီး ဆုံးရှုံးမှုများနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး ဒရော့ဇ်ဒေါ့၏ ပြောကြားချက်ကို အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက လက်ခံသော်လည်း အသေးစိတ် သဘောထား မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

“ဒါက ကျနော်တို့ရဲ့စစ်ပွဲ မဟုတ်ပါဘူး။ စစ်ဆင်ရေးဆိုင်ရာ အချိန်နဲ့တပြေးညီ ဖြည့်ဆည်းပေးရမယ့် အနေအထားတော့ မဟုတ်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆိုဗီယက် MiG လေယာဉ်များကို မိမိကိုယ်တိုင် ပျံသန်းမောင်းနှင်ခဲ့ဖူးကြောင်း၊ ယူကရိန်းလေတပ်နှင့် လေယာဉ်မှူးများ ရှိပါကြောင်း ဗိုလ်ချုပ်ကြီးဒရော့ဇ်ဒေါ့က ပြောကြားခဲ့သည်။

“အခု ခက်နေတာက လေယာဉ်မှူးတွေ အများကြီးရှိပြီး လေယာဉ်မရှိတာဗျ။ ကျနော်တို့ဆီမှာ လေယာဉ်မှူးအင်အား လုံလောက်တယ်။ လေယာဉ် မလုံလောက်ဘူး” ဟု ၎င်းက ထောက်ပြခဲ့သည်။

ထို့ပြင် နိုင်ငံတဝန်း လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးရေးအတွက် အနည်းငယ် ပြန်လည်ပြင်ဆင်ထားသော တောင်းဆို ချက်ကိုလည်း ၎င်းက ဆက်လက် ကမ်းလှမ်းခဲ့သည်။

လတ်တလော အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စနှစ်ရပ်မှာ လူသားချင်းစာနာမှု စင်္ကြန်လမ်းကြောင်းများ သုံး၍ အရပ်သား များ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးနှင့် ယူကရိန်း၏ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အကာ အကွယ် ပေးရေးတို့ ဖြစ်ကြသည်။ အဆိုပါစက်ရုံနှစ်ရုံဖြစ်သည့် ချာနိုဘိုင်နှင့် ဇာပိုရေဇီးယားတို့သည် ယခုအခါ ရုရှား၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေကြသည်။

Source: Yahoo News