CNI International News

မော်စကို၊ မတ်လ ၁၆

ရုရှားနိုင်ငံသည် ထိပ်တန်းလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ တစ်ဖွဲ့ဖြစ်သော ဥရောပကောင်စီမှ မတ်လ ၁၅ ရက်၌ နုတ်ထွက် လိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

ရုရှား ထိုသို့ နုတ်ထွက်မှု မတိုင်မီကပင် အိမ်နီးချင်းယူကရိန်းအပေါ် တိုက်ခိုက်မှုကြောင့် ရုရှားကို ကောင်စီမှ ထုတ်ပယ်ရန် အလားအလာများခဲ့ကြောင်း ရိုက်တာက ဆက်လက်ရေးသားခဲ့သည်။

လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို လက်ကိုင်ထားရန် ရည်ရွယ်ချက်ဖြင့် ဒုတိယကမ္ဘာစစ်အပြီး ဥရောပကောင်စီ စတင်ဖွဲ့စည်း ကတည်းက ၎င်းကောင်စီကို ကျောခိုင်းခဲ့သော ဒုတိယမြောက်နိုင်ငံမှာ ရုရှားနိုင်ငံ ဖြစ်လာခဲ့သည်။

၁၉၆၉ ခုနှစ်တွင် စစ်တပ်အရာရှိများ အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဂရိနိုင်ငံသည် ဥရောပကောင်စီကို ကျောခိုင်းခဲ့သော ပထမ ဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် ဂရိသည် နောက်ထပ် ၅ နှစ်အကြာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်တက်ပြီးနောက် ဥရောပကောင်စီအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

ယခု ရုရှား၏ နုတ်ထွက်မှုကြောင့် ကောင်စီ၏ ဥရောပလူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် အကြံဉာဏ်များ ပေးခြင်း တို့မှ ၎င်းနိုင်ငံအနေဖြင့် ကင်းကွာသွားပြီ ဖြစ်သည်။ ကွန်မြူနစ်ဝါဒ ပြိုလဲပြီးနောက် ဥရောပကောင်စီသည် အရှေ့ဥရောပနိုင်ငံ အသီးသီး၏ နိုင်ငံရေးစနစ်များ၌ ဒီမိုကရေစီနည်းလမ်းတကျ ဖော်ဆောင်ပေးရန် အထောက်အကူ များစွာပေးခဲ့သည်။

ဉရောပကောင်စီကိုတွေ့ရစဉ်(ရိုက်တာ)

ယခုကဲ့သို့ ဥရောပကောင်စီ အစည်းအဝေးအတွင်း ထုတ်ပယ်ခြင်းဆိုင်ရာ မဲခွဲဆုံးဖြတ်မှု မတိုင်မီ နာရီပိုင်းအလိုတွင် ရုရှား နုတ်ထွက်ကြောင်း ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ခြင်းသည် ခိုင်မာသော အကျိုးဆက်များ ရှိလာစေခဲ့သည်။

ကောင်စီ၏ လူ့အခွင့်အရေး သဘောတူစာချုပ်သည် ရုရှားနှင့် နောက်ပိုင်းတွင် သက်ဆိုင်တော့မည် မဟုတ်တော့သဖြင့် ရုရှား အစိုးရအပေါ် ၎င်းနိုင်ငံသားများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးသို့ အယူခံနိုင်သည့် အခွင့်အရေး ဆုံးရှုံးသွား ပြီ ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုရှား၏ အဆိုပါကောင်စီဝင်ဖြစ်မှုကို ဆိုင်းငံ့ ထားခဲ့ရာ ကောင်စီအတွင်း လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်များကို အနောက်အုပ်စုနိုင်ငံများ နှောင့်ယှက်နေကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ပြောကြားခဲ့သည်။


မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (NATO) နှင့် ဥရောပသမဂ္ဂ (EU) တို့သည် ၎င်းတို့၏ စစ်ရေး၊ နိုင်ငံရေးနှင့် အရှေ့ဘက်သို့ စီးပွားရေး ချဲ့ထွင်ရန်အတွက် ဥရောပကောင်စီကို အတွေးအခေါ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီသည့် နည်းလမ်းဖြင့် အသုံးချနေ ကြောင်း ရုရှားအောက်လွှတ်တော်မှ နိုင်ငံတကာရေးရာကော်မတီ အကြီးအကဲ လီယိုနာ့ဒ်စလုစကီးက စွပ်စွဲပြောကြားခဲ့သည်။

Source: Reuters