CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆

ရုရှားအသင်းခေါင်းဆောင် ဒီဇူးဘားက နိုင်ငံရေးရှုထောင့်တွေထက် မိသားစုအကြောင်းတွေကြောင့် နိုင်ငံလက်ရွေးစင် အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို မပူးပေါင်းခဲ့တာလို့ ပြောလိုက်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိ ဒီဇူးဘားက ယူကရိန်းမှာ ဆွေမျိုးတွေရှိတယ်လို့ ပြောခဲ့တာပါ။ ရုရှားလက်ရွေးစင် အသင်းနည်းပြ ကာပင်က ဒီဇူးဘားဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တာကြောင့် လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းခဲ့တာလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဇူးဘားကတော့ ဒါဟာ နားလည်မှု လွဲမှားတာဖြစ်ပြီး နည်းပြရဲ့ ပြောဆိုမှုကို ငြင်းဆန်ခဲ့ပါတယ်။

ဒီဇူးဘားက “ဒါဟာ မိသားစုကိစ္စနဲ့ ပတ်သက်ပေမယ့် အသေးစိတ်တော့ မပြောချင်ပါဘူး။ အခုအချိန်မှာ မိသားစုနဲ့အတူ အချိန် တွေ ကုန်ဆုံးချင်ပါတယ်။ ကျနော် ရုရှားအသင်းနဲ့ မပူးပေါင်းခဲ့ပေမယ့် ဒါဟာ နိုင်ငံရေး ရှုထောင့်ကြောင့် မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ရုရှားနည်းပြ ကာပင်က ယူကရိန်းမှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ဒီဇူးဘားဟာ လေ့ကျင့်ရေးစခန်းမှာ မပါဝင်လို ကြောင်း တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

ရုရှားနည်းပြ ကာပင်ကိုတွေ့ရစဉ်(TASS)

ဒါနဲ့ ပတ်သက်ပြီး ဒီဇူးဘားက “ဒါဟာ နားလည်မှု လွဲမှားနေတယ်လို့ ကျနော်ထင်ပါတယ်။ ကာပင်က ကျနော့်ကို မှန်မှန် ကန်ကန် နားမလည်ခဲ့ပါဘူး၊ ဒါမှမဟုတ် ကျနော့်ရဲ့ စကားတွေကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

ရုရှားလက်ရွေးစင် အသင်းနည်းပြ ကာပင်ဟာ ဒီဇူးဘားရဲ့ ဆွေမျိုးတွေ အများကြီးရှိတဲ့ ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် လေ့ကျင့်ရေးစခန်း မခေါ်ဖို့ ကစားသမားက တောင်းပန်ခဲ့သလို တောင်းဆိုခဲ့တယ်လို့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်မှုကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားကလပ်တွေနဲ့ နိုင်ငံအသင်းတွေကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခဲ့တာပါ။ အဲ့ဒါကြောင့် ရုရှားလက်ရွေးစင် အသင်းဟာ မတ်လထဲမှာ ကစားရမယ့် ပိုလန် လက်ရွေးစင် အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့်ပွဲစဉ်ကို ယှဉ်ပြိုင်ခွင့် မရတော့ဘဲ ဖြစ်ခဲ့ပါတယ်။

ဒီဇူးဘားဟာ ရုရှားလက်ရွေးစင် အသင်းအတွက် ၅၅ ပွဲ ပါဝင်ကစားထားပြီး ဂိုး ၃၀ သွင်း ယူထားတာ ဖြစ်ပါတယ်။

Source: BBC/Goal