CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်ချက်စတာယူနိုက်တက် အသင်း ထွက်ခဲ့ရတာကြောင့် ရော်နယ်ဒိုအနေနဲ့ (၁၂) နှစ် အတွင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ရာသီကို ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အသလက်တီ ကို အသင်းနဲ့ အိုးထရက်ဖိုဒ့် ကွင်းမှာ ကစားခဲ့ရာ တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့တာပါ။ ပထမအကျော့အဖြစ် ကစားခဲ့တုန်းက တစ်ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးနဲ့ အသလက်တီကို အသင်း အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှုမရှိခဲ့ဘူးလို့ အချက်အလက်တွေအရ သိရပါတယ်။

ရော်နယ်ဒို အတွက်တော့ ဥရောပပြိုင်ပွဲမှာ ဂိုးပေါက်ကန်သွင်းမှုမပြုလုပ်နိုင်တာ ဟာ ဒီပွဲအပါအဝင်(၃)ပွဲရှိခဲ့ပါပြီ။ ပေါ်တူဂီ ကစားသမားဟာ (၂၀၀၃) က ပါနာသီနိုင်ကို့စ်၊(၂၀၁၁) က ဘာစီလိုနာနဲ့ အခု အသလက်တီကိုတို့ ပွဲတွေ မှာ ဂိုးပေါက်ကန်သွင်းမှုမပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံ (၁၈)ဂိုး သွင်းယူထားတဲ့ ရော်နယ်ဒို ဟာ ဒီပွဲမှာ အသင်းကို ကယ်တင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ 

မန်ချက်စတာယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာကြောင့် ဆုဖလားလက်မဲ့နဲ့ နောက်တစ် ရာသီကို ထပ်မံဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ (၂၀၁၇)က ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ခြင်းက သူတို့အတွက် နောက်ဆုံးရယူထားတဲ့ ဆုဖလားလည်းဖြစ်ခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုအတွက်လည်း (၁၂)နှစ်အတွင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ရာသီဖြစ်သွားခဲ့ပါတယ်။

ရော်နယ်ဒို ဟာ (၂၀၀၉-၁၀)ရာသီနောက်ပိုင်း နှစ်တိုင်း ဆုဖလားတစ်ခု အနည်းဆုံး ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုဟာလည်း မန်ချက်စတာယူနိုက်တက်ကို ပြန်အရောက်မှာ ရပ်တန့်သွားခဲ့ရတာပါ။ မန်ချက် စတာယူနိုက် တက် အသင်းဟာ ဆုဖလားလက်မဲ့ရာသီအပြင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း ရုန်းကန်နေရတာ ဖြစ်ပါတယ်။ တကယ်လို့ ဒီရာသီမှာ အိုးထရက်ဖိုဒ့် ကလပ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရဘူးဆိုရင် ရော်နယ်ဒို ကလည်း အသင်းကနေ ပြန်ထွက်ခွာသွားနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Source:TheSun