CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁၀

အမေရိကန်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများဖြစ်သည့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာ ဟားရစ် (Kamala Harris) တို့သည် စကားစစ်ထိုးရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်နှင့် ဟားရစ်တို့သည် စက်တင်ဘာ ၁၀ ရက်တွင် ABC ရုပ်သံ၌ ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင် စကားစစ်ထိုးမည်ဖြစ်ပြီး ထိုစကားစစ်ထိုးပွဲသည် အလွန် အကြိတ်အနယ် ရှိလိမ့်မည်ဟု စစ်တမ်းများတွင် ဖော်ပြခဲ့သည်။

ဩဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် ထရမ့်သည် ဟားရစ်နှင့် စကားစစ်ထိုးပွဲကိစ္စကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။

စကားစစ်ထိုးပွဲများ ပြုလုပ်ရန် အလွန်အရေးကြီးသည်ဟု ယူဆထားကြောင်း၊ စက်တင်ဘာ ၄ ရက်နှင့် စက်တင်ဘာ ၂၅ ရက်တို့တွင်လည်း Fox နှင့် NBS ရုပ်သံလိုင်းများမှ ထုတ်လွှင့်မည့် နောက်ထပ် စကားစစ်ထိုးပွဲ ၂ ပွဲကို ထပ်မံပြုလုပ်လိုကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ဟားရစ်ကို ထောက်ခံသူများအား တွေ့ရစဉ်

လွန်ခဲ့သည့် ၃ ပတ်ခန့်က ဒီမိုကရက်တစ် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း နေရာအတွက် သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ၏နေရာကို ဟားရစ်နှင့် အစားမထိုးမီက ထရမ့်သည် ABC ရုပ်သံမှထုတ်လွှင့်မည့် စကားစစ်ထိုးပွဲကို လက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ယခုအခါမှာတော့ ထရမ့်သည် စကားစစ်ထိုးပွဲပြုလုပ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ထရမ့်၏ မှတ်ချက်စကားများ ထွက်ပေးခဲ့ပြီးနောက် ဟားရစ်က မီချီဂန် (Michigan) ပြည်နယ်မှ မထွက်ခွာမီ အချိန်တွင် "နောက်ဆုံးတော့ စက်တင်ဘာ ၁၀ ရက်မှာ စကားစစ်ထိုးပွဲ ပြုလုပ်ဖို့ သူ (ထရမ့်) သဘောတူခဲ့တာကို ကျမ ဝမ်းသာပါတယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

Ipsos မှပြုလုပ်သည့် ရွေးကောက်ပွဲအကြို လူထုသဘောထားဆန္ဒ စစ်တမ်းများတွင် ဟားရစ်သည် ထရမ့်ထက် လူကြိုက်များမှု ပိုမိုများပြားနေသည်။

ထရမ့်နဲ့ ဟားရစ်ကို တွေ့ရစဉ်

ဇူလိုင်လက လူထုစစ်တမ်းများတွင် ထရမ့်သည် ၃၄ ရာခိုင်နှုန်းရရှိပြီး ဟားရစ်သည် ၃၇ ရာခိုင်နှုန်းဖြင့် အသာစီး ရခဲ့ကာ နောက်ဆုံးအကြိမ် ပြုလုပ်သည့် စစ်တမ်းတွင် ဟားရစ်က ၄၂ ရာခိုင်နှုန်းနှင့် ထရမ့်က ၃၇ ရာခိုင်နှုန်း ရှိခဲ့ကာ ဟားရစ်၏ အသာစီးရမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ထရမ့်ကမူ ဟားရစ်သည် ဘိုင်ဒန်၏ နေရာကို အစားထိုး ဝင်ရောက်ချိန်ကတည်းက မီဒီယာများနှင့် အင်တာဗျူး ပြုလုပ်ခဲ့ခြင်း မရှိသည့်အတွက် ဝေဖန်တိုက်ခိုက်ခဲ့သည်။ 

"သူ (ဟားရစ်) က အင်တာဗျူး မလုပ်နိုင်ပါဘူး။ သူ့ကို မဖြစ်မနေ အင်တာဗျူး လုပ်ခိုင်းဖို့ပဲ ရှိပါတယ်" ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်သည် မီဒီယာများနှင့် ပုံမှန် အင်တာဗျူး ပြုလုပ်လေ့ရှိပြီး အများအားဖြင့် လက်ယာယိမ်း မီဒီယာများ၊ လက်ယာယိမ်း သတင်းထောက်များနှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးရှိသည်။

Source: ရိုက်တာ