CNI International News

မော်စကို၊ ဩဂုတ် ၁၂

ရုရှား၏ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်ကို ယူကရိန်းက ဝင်ရောက်တိုက်ခိုက်နေပြီး နယ်စပ်ဒေသတွင် တိုက်ပွဲများ ပြင်းထန်နေချိန်၌ ရုရှားက နယ်စပ်ဒေသ ၃ ခုမှာ လုံခြုံရေးအုပ်ချုပ်မှုစနစ်ကို ကြေညာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ဩဂုတ် ၆ ရက်ကတည်းက ရုရှားနယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရုရှား၏ ကာ့စ် (Kursk) ဒေသ အနောက်ဘက် နယ်နိမိတ်အချို့ကို သိမ်းယူခဲ့သည်။

ယူကရိန်းအနေဖြင့် အမေရိကန်ရွေးကောက်ပွဲ အပြီးတွင် ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများအတွက် ရုရှားကို ဖိအားပေးသည့်အနေဖြင့် ထိုကဲ့သို့ အံ့အားသင့်ဖွယ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin) ကမူ ယူကရိန်း၏ တိုက်ခိုက်မှုကို အကြီးစား ရန်စမှုအဖြစ် ပြောကြားခဲ့ သည်။

ကာ့ဒ်ဒေသကိုတွေ့ရစဉ်

ထို့နောက် ရုရှား၏ ထိပ်သီးဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂရာစီမော့ဗ် (Valery Gerasionv) ကမူ ယူကရိန်း၏ ကျူးကျော်တိုက်ခိုက်မှုကို ရပ်တန့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

သို့သော် ရုရှားသည် ယူကရိန်းတပ်ဖွဲ့များကို နယ်စပ်ဒေသမှ တိုက်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။

"ရန်သူတွေကို ထပ်တက်မလာအောင် ဟန့်တားခဲ့ပါတယ်။ ဒါပေမယ့် အလုံးစုံ တိုက်ထုတ်နိုင်ခြင်းတော့ မရှိသေးပါ ဘူး။ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ" ဟု ဆိုဗီယက်နှင့် ရုရှားစစ်တပ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ အာဏာရပါတီ၏ လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် အန်ဒရီ ဂူရူလ်ယော့ဗ် (Andrei Gurulyov) က ပြောကြားခဲ့သည်။

ရုရှားစစ်တပ်၏ ဘလော့ဂါများကမူ ရုရှားသည် ယူကရိန်းတပ်များကို အင်အားသုံးပြီး ဟန့်တားနိုင်ခဲ့ပြီးနောက် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ သို့သော် ယူကရိန်းသည် တပ်များကို လျှင်မြန်စွာ ပြန်လည်စုဖွဲ့နိုင်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ပြောကြားခဲ့သည်။

ဇာလန်းစကီးကိုတွေ့ရစဉ်

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အပြင်းထန်ဆုံး စစ်ပွဲဖြစ်သည့် ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ရုရှား၏ ကာ့စ်ဒေသကို တိုက်ခိုက်နိုင်ခဲ့သည့် ယူကရိန်းတပ်များ၏ စွမ်းဆောင်ရည်များနှင့် ရုရှား၏ နယ်မြေကာကွယ်နိုင်မှု စွမ်းဆောင်ရည်အပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

ယူကရိန်းသည် ယခင်က ထိုတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး တိုက်ရိုက်မှတ်ချက် မပေးခဲ့သော်လည်း ဩဂုတ် ၁၀ ရက်တွင် ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskyy) က ရုရှား၏ နယ်စပ်ဒေသများကို ယူကရိန်း တပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ပထမဆုံးအကြိမ် ဝန်ခံပြောကြားခဲ့သည်။

"ယူကရိန်းဟာ ကျူးကျော်သူ (ရုရှား) တွေကို မဖြစ်မနေ ဖိအားပေးဖို့နဲ့ တရားမျှတမှုကို ပြန်လည်ထိန်းသိမ်း နိုင်တယ်ဆိုတာ သက်သေပြနေပါတယ်" ဟု ဇာလန်းစကီး ပြောကြားခဲ့သည်။

Source: ရိုက်တာ