CNI International News

ကာရာကက်စ်၊ သြဂုတ် ၁၂

အငြင်းပွားဖွယ် ဇူလိုင် ၂၈ ရက်နေ့က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲအပေါ် အတိုက်အခံညွန့်ပေါင်းအဖွဲ့မှ သက်သေတင်သွင်းရန် ပျက်ကွက်ကြောင်း ဗင်နီဇွဲလားတရားရုံးချုပ်က သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် ဗင်နီဇွဲလားတရားရုံးချုပ်က အနိုင်ရရှိသူကို အဆုံးအဖြတ်ပေးရာတွင် ၎င်း၏ဆုံးဖြတ်ချက်သည် အတည်ဖြစ် မည်ဟု သတိပေးပြောကြားခဲ့သည်။

ဗင်နီဇွဲလားရွေးကောက်ပွဲအာဏာပိုင်အဖွဲ့က ရွေးကောက်ပွဲတွင် သမ္မတမာဒူရို( Nicolas Maduro) အနိုင်ရရှိခဲ့ သည်ဟု ပြောကြားခဲ့သော်လည်း အတိုက်အခံအဖွဲ့ကမူ ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့သည် မာဒူရို၏ သစ္စာခံ များဟုဆိုကာ ၎င်းတို့၏ ကိုယ်စားလှယ်လောင်း အက်မွန်ဒိုဂွန်ဇာလက်(Edmundo Gonzalez)က အနိုင်ရရှိသည် ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့က ရွေးကောက်ပွဲမှ မဲအရေအတွက် အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိသည့် အပြင် ဇူလိုင် ၂၉ ရက် အစောပိုင်း အချိန်ကတည်းက ၎င်း၏ဝက်ဘ်ဆိုဒ် ကျသွားခဲ့သည်။

ဗင်နီဇွဲလား အတိုက်အခံ အက်မွန်ဒိုဂွန်ဇာလက်ကို တွေ့ရစဉ်

အတိုက်အခံအဖွဲ့က ၎င်း၏ မဲအရေအတွက်ကို အွန်လိုင်းတွင် တင်ခဲ့ရာ ဂွန်ဇာလက်က မာဒူရို၏ မဲအရေအတွက် ထက် နှစ်ဆပိုများနေကြောင်း တွေ့ရှိခဲ့သည်။

မာဒူရိုက ရွေးကောက်ပွဲရလဒ်များကို မှန်ကန်ကြောင်း အတည်ပြုရန် တရားရုံးချုပ်ကို တောင်းဆိုခဲ့သည့်အတွက် တရားရုံးက ကိုယ်စားလှယ်လောင်း အားလုံးကို ဆင့်ခေါ်ခဲ့သည်။

ဂွန်ဇာလက်ကမူ တက်ရောက်လာခြင်းမရှိဘဲ ၎င်းလာရောက်လျှင် ဖမ်းဆီးခံရမည့် အန္တရာယ်ရှိကြောင်း ပြောကြား ခဲ့သည်။

အတိုက်အခံ အဖွဲ့ဝင်များက မဲအရေအတွက် အတိအကျကို ထုတ်ပြန်ပေးရန် ရွေးကောက်ပွဲအာဏာပိုင်များကို ဖိအားပေးပြောကြားခဲ့သည်။

ဗင်နီဇွဲလား သမ္မတမာဒူရိုကို တွေ့ရစဉ်

"Unitary Platform(အတိုက်အခံညွန့်ပေါင်းအဖွဲ့)ရဲ့ အဖွဲ့ဝင်တွေက တရားရုံးဆီ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ အထောက်အထားတွေကို တင်ပြတာမျိုး မရှိပါဘူး"ဟု တရားသူကြီးချုပ် ကာရစ်လာ ရိုဒရီဂုဇ်(Caryslia Rodriguez)က သတင်းထောက်များနှင့် သံတမန်များကို ပြောကြားခဲ့သည်။

တရားရုံးက မာဒူရိုနှင့် ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့၏ မဲရေတွက်မှုများကို ရရှိခဲ့ကြောင်း ရိုဒရီဂုဇ်က ပြောသည်။

ရွေးကောက်ပွဲ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်သည့်နှင့်တပြိုင်နက် တရားရုံး၏ ဆုံးဖြတ်ချက်သည် အတည် ဖြစ်မည်ဟုလည်း ပြောကြားခဲ့သည်။

ဘရာဇီးလ်၊ ကိုလံဘီယာနှင့် မက္ကဆီနိုင်ငံများ၏ ပူးပေါင်းထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့အား အသေးစိတ် မဲအရေအတွက်ကို လူသိရှင်ကြား ချပြပေးရန် တောင်းဆိုထားပြီး တရားရုံးချုပ်သည် ယင်းပြဿနာ အတွက် အဖြေမဟုတ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ