CNI International News

ကင်ရှာဆာ၊ ဩဂုတ် ၁၀

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဒီအာရ် ကွန်ဂို) စစ်ခုံရုံးသည် M23 လက်နက်ကိုင်အဖွဲ့ အပါအဝင် လက်နက်ကိုင်အဖွဲ့များတွင် ပါဝင်သည်ဟု စွပ်စွဲခံခဲ့ရသူ ၂၆ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ပုန်ကန်မှုနှင့် နိုင်ငံတော် သစ္စာဖောက်မှုတွင် ပါဝင်သည့် Alliance Fleuve Congo (AFC) လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ကော်နီယယ်လီ နန်ဂါ (Corneille Nangaa) သည် စစ်ရာဇဝတ်မှုကျူးလွန်မှုဖြင့် ပြစ်မှုထင်ရှား တွေ့ရှိခဲ့သည်။

နန်ဂါနှင့် အခြားတရားခံ ၂၀ သည် ဩဂုတ် ၈ ရက်က မျက်ကွယ်ပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ခံခဲ့ရပြီး လက်ရှိတွင် ထိုတရားခံများ အားလုံးသည် ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်။

နောက်ထပ် တရားခံ ၅ ဦးသည် တရားခွင်တွင် ထွက်ပေါ်ခဲ့ပြီး ၎င်းတို့၏ ပြစ်ဒဏ်များကို အယူခံဝင်ရန် ၅ ရက် အချိန်ပေးထားကြောင်း တရားရုံးက ပြောကြားခဲ့သည်။

ဇူလိုင် ၂၄ ရက်က စတင်ခဲ့သည့် ကြားနာစစ်ဆေးမှုတွင် အစိုးရရှေ့နေတစ်ဦးက တရားခံ ၂၅ ဦးကို သေဒဏ် ချမှတ်ရန်နှင့် နောက်ထပ် တရားခံတစ်ဦးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ရန် တိုက်တွန်းခဲ့သည်။

ဒီအာရ်ကွန်ဂို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်သည့် နန်ဂါသည် အစိုးရကို ဆန့်ကျင်သည့် လက်နက် ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် AFC နိုင်ငံရေး-စစ်ရေး လှုပ်ရှားမှုကို ဒီဇင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့သည်။

ကွန်ဂိုစစ်ခုံရုံးကိုတွေ့ရစဉ်

AFC အဖွဲ့ထဲတွင် ဒီအာရ်ကွန်ဂို၏ အရှေ့ပိုင်းတွင် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် M23 သူပုန်အဖွဲ့လည်း ပါဝင်နေသည်။

အမှုတွဲတွင် ပါဝင်သည့် M23 ခေါင်းဆောင်များထဲတွင် ထိုအဖွဲ့၏ ဥက္ကဋ္ဌ ဘာထရန် ဘီစီမွာ (Bertrand Bisimwa) ၊ စစ်ရေးအကြီးအကဲ ဆူလ်တာနီ မာကန်ဂါ (Sultani Makenga)နှင့် ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဝီလီ အန်ဂိုမာ (Willy Ngoma) နှင့် လောရန့်စ် ကန်ယူကာ (Lawrence Kanyuka) တို့ ပါဝင်သည်။

မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် နန်ဂါကမူ စစ်ခုံရုံး၏ ပြစ်ဒဏ်ချမှတ်မှုသည် ၎င်းတို့၏ ဒီမိုကရေစီ လှုပ်ရှား မှုများအတွက် ရုန်းကန်နေမှုကို ခွန်အားဖြစ်စေခဲ့ကြောင်း အေပီသတင်းဌာနသို့ မက်ဆေ့ချ်ပေးပို့ခဲ့ပြီး လက်ရှိတွင် သူသည် မည်သည့်နေရာ၌ ရှိနေသည်ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရပေ။

Source: အယ်လ်ဂျာဇီးယား