CNI International News

တူးနစ်၊ ဩဂုတ် ၉

တူနီးရှားသမ္မတ ကာအစ် ဆာအိဒ် (Kais Saied) သည် တရားဝင် အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ဝန်ကြီးချုပ် အာမက် ဟာချနီ (Armed Hachani) ကို ရာထူးမှထုတ်ပယ်ခဲ့ကာ သူ့နေရာတွင် ကာမယ် မာဒူရီ (Kamel Madouri)အား အစားထိုးခန့်အပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဟာချနီသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁ ရက်တွင် ၎င်းကဲ့သို့ အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ထုတ်ပယ် ခံခဲ့ရသည့် ဝန်ကြီးချုပ် နက်ဂျ်လာ ဘူဒန် (Najla Bouden) နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

သို့သော် သူလည်း ဖြစ်ကာ ဝန်ကြီးချုပ်နက်ဂျ်လာဘူဒန် ကဲ့သို့ပင် အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်ခံခဲ့ရသည်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည့်တိုင် ဟာချနီသည် ရာထူးမှ ထုတ်ပယ်မခံရမီ နာရီအနည်းငယ်အလိုက တူနီးရှားနိုင်ငံ၏ အစားအစာနှင့် စွမ်းအင်လိုအပ်ချက်များ ပြည့်စုံမှုရှိသည့် အကြောင်းအရာ အပါအဝင် နိုင်ငံ၏ ပြဿနာ အများအပြားတွင် အစိုးရက တိုးတက်မှုများရှိစေရန် လုပ်ဆောင်ခဲ့ကြောင်း ဗွီဒီယိုမက်ဆေ့ချ်တစ်ခုတွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အာမက် ဟာချနီနဲ့ တူနီးရှားသမ္မတ ကာအစ် ဆာအိဒ်ကို တွေ့ရစဉ်

သူ့နေရာကို အစားထိုးခန့်အပ်ခဲ့သည့် မာဒူရီသည် မေလကမှ လူမှုရေးရာဝန်ကြီး ရာထူးနေရာတွင် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

သမ္မတရုံးက ထုတ်ပြန်သည့် လူမှုမီဒီယာပို့စ် တစ်ခုတွင် ဆာအိဒ်သည် မာဒူရီနှင့် လက်ဆွဲနုတ်ဆက်နေပုံနှင့် မာဒူရီကို အစိုးရအဖွဲ့အား ဦးဆောင်ရန် တာဝန်အပ်နှင်းသည့်အကြောင်းကို ထုတ်ပြန်ခဲ့သည်။

တူနီးရှားနိုင်ငံတွင် အောက်တိုဘာ ၆ ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ နေရာဒေသ အများအပြားတွင် သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် လူထု အကြား မကျေနပ်ချက်များ မြင့်တက်နေချိန်တွင် ဆာအိဒ်သည် နောက်ထပ် သမ္မတသက်တမ်းကို ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

ဝန်ကြီးချုပ်ဟောင်း နက်ဂျ်လာဘူဒန်ကို တွေ့ရစဉ်

ဆာအိဒ်သည် ၂၀၁၉ ခုနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသော်လည်း ၂၀၂၁ ခုနှစ်တွင် အာဏာကို ဆက်လက် ကိုင်ဆွဲနိုင်ရန် အကွက်ချ လုပ်ဆောင်ခဲ့သည်။

ထို့နောက် ဒုတိယသက်တမ်းကို အနိုင်ရရှိစေရန် ပြိုင်ဘက်များအား ခြိမ်းခြောက်ခဲ့ကြောင်း အတိုက်အခံများ၊ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။

ယခုသီတင်းပတ် အစောပိုင်းကလည်း တူနီရှားနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် အလားအလာရှိသည့် အဘီယာ မွတ်စီ (Abbir Moussi) သည် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

ရှေ့နေတစ်ဦးဖြစ်သူ မွတ်စီသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ဝေဖန်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် ဖမ်းဆီးခံခဲ့ ရကာ ဆိုက်ဘာရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

Source: အယ်လ်ဂျာဇီးယား