CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉

ဟိုင်ဂင်ဆွေးနွေးပွဲ ပျက်ပြီးနောက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း မြန်မာပြည်ကို လာရောက်ခြင်းက ဘာကို ဦးတည်နေသလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေး လျက်ရှိနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့တွင် မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

ထို့နောက် ယခုလ ဩဂုတ် ၈ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပမည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ဟိုင်ဂင်ဆွေးနွေးပွဲမှာ ပျက်သွားခဲ့သည်။

ရှမ်းမြောက်နှင့် မန္တလေးတွင် တိုက်ပွဲပြင်းထန်နေချိန် ယခုကဲ့သို့ မြန်မာပြည်သို့ တရုတ်အထူးကိုယ်စားလှယ် လာရောက်ခြင်းက ၎င်းတို့၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် လာရောက်ခြင်းဟု မြင်မိကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနကို ပြောသည်။

 ရှေ့တန်းစစ်မြေပြင်တစ်ခု၌ TNLA တပ်သားများကိုတွေ့ရစဉ်

၎င်းက “သူတို့ ဆန္ဒအကောင်အထည်ဖော်ဖို့ ရောက်လာတာပေါ့၊ သူကတော့ (တရုတ်) ကျနော်အမြင်ပေါ့လေ၊ တိန့်ရှီးကျွင်းလာတဲ့ ကိစ္စက ဒီဖက် လကုန်မှာ ကျင်းပမယ့် ဆွေးနွေးပွဲတွေကိုလည်း သူတို့က ငြင်းလိုက်တယ်၊ ဒီ ၈ ရက်နေ့မှာဆိုရင်လည်း သူတို့ မသွားဘူးဆိုပြီးမှ ငြင်းလိုက်တယ်၊ မသွားဘူးဆိုတာ အကြောင်းပြချက်ကတော့ ရှမ်းမြောက်မှာ တည်ငြိမ်အေးချမ်းမှုတွေ မရှိလို့ အဲဒါကို အာရုံစိုက်နေရလို့ မသွားဘူးဆိုတာ ဗိုလ်ချုပ်ဇော်မင်းထွန်း လည်း ပြောလိုက်တာပေါ့နော်၊ တရုတ်က သူ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့အတွက်ကို ချက်ချင်း ရောက်လာတယ်လို့ ကျနော်က မြင်တာပေါ့၊ ကြိုတင်ပြင်ဆင်ထားတဲ့ ခရီးစဉ်မဟုတ်ဘူးလေ၊ အဲဒီနှစ်ခု ပျက်သွားတဲ့အခါကြတော့ နစကရဲ့ သဘောထားကို သိချင်လို့ တောက်လျှောက်လာခဲ့တယ်လို့ ကျနော်အနေနဲ့ မြင်တာပေါ့၊ ဒါပေမဲ့ နစကဖက်ကတော့ အခု သူတို့ ဘာဆွေးနွေးကြသလဲဆိုတာ သတင်းလည်း မထုတ်ပြန်ဘူး။ ထုတ်ပြန်ဖို့လည်း မသင့်တဲ့ အချိန်ဖြစ်နေတာပေါ့” ဟု‌ ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိန့်ရှီးကျွင်းတို့ တွေ့ဆုံမှုတွင် သံတမန်ဆက်ဆံရေး ဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ အွန်လိုင်း လောင်းကစားနှင့် အခြား ငွေကြေးလိမ်လည်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများလည်း ဆွေးနွေးခဲ့ကြကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ မူအတိုင်း ဆက်သွားနေကြောင်း၊ ကုလသမဂ္ဂ၏ ကြီး ၅ ကြီးတွင် ပါဝင်သည့် အတွက် ပဋိပက္ခဖြစ်နေသည့် အိမ်နီးချင်းနိုင်ငံတွင် အားလုံးပါဝင်၍ ညှိနှိုင်းဆွေးနွေးနိုင်သည့် အခင်းအကျင်းဖြစ်ရန် ကြိုးစားနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနကို ပြောသည်။

TNLA တပ်သားတစ်ဦး

၎င်းက “ဗမာပြည်ကြတော့ သူပိုပြီး ဂရုစိုက်မှာပေါ့၊ သူ့အိမ်နီးနားချင်းလည်း ဖြစ်တာကို သူလုပ်ပေးလိမ့်မယ် ထင်တယ်၊ လုပ်ဖို့ စဉ်းစားပုံရတယ်၊ အခု မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲပြီးကတည်းက အဲ့ကတည်းက တရုတ်ကတော့ ဒီလိုပြောထားတယ်၊ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ကြီးကို လက်နက်နဲ့ပဲ အနိုင်တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့ တောင်ပေါ်တွေမှာ တစ်နိုင်တစ်ပိုင်တိုက်နေတဲ့ လူမျိုးစုအဖွဲ့တွေလည်း တောင်အောက် ဆင်းပြီးတော့ တိုက်လို့မရဘူး၊ ထို့အတူပဲ စစ်တပ်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေကို တောင်ပေါ် တင်ပြီးတော့ တိုက်လို့ မဖြစ်ဘူး။ အဲဒါကြောင့်မို့လို့ ဒီဟာတွေ အားလုံးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှ ဖြစ်မယ် ဆိုပြီးမှ ပြောနေတာ အဲဒါကြောင့်မို့လို့ နိုင်ငံရေး စားပွဲပေါ်ရောက်အောင် နိုင်ငံရေး ဆွေးနွေးပွဲ စားပွဲပေါ် ရောက်အောင် အားလုံးကိုကြိုးစားပြီး စုစည်းနေတယ် ထင်တယ်၊ အဲဒီလမ်းစဉ်ပေါ်ကနေ ဒီခရီးစဉ်တွေ ပေါ်လာ တယ်ထင်တယ်” ဟု ပြောသည်။

ရှမ်းမြောက်တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အသုံးပြုတိုက်ခိုက်နေသည့် လက်နက်ခဲယမ်းများ၊ နည်းပညာများကို အခြားသော အင်အားကြီးနိုင်ငံတစ်ခုက အထောက်အပံ့ ပေးနေသည်ဟု သုံးသပ်ပြောဆိုမှုများ လည်း ရှိနေသည်။

လက်ရှိတွင်လည်း ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်းရှိ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ စဉ့်ကူး၊ မတ္တရာတို့တွင် မြန်မာ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။