CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၉
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စများကို တရုတ်အထူး ကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သြဂုတ် ၈ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို နစကဘက်က သတင်းထုတ်ပြန်ခဲ့ရာမှာ ယခင်က ရုပ်သံမှတ်တမ်းဖြင့် ထုတ်လွှင့် ခဲ့သော်လည်း ယခုအခါမှာတော့ ဓာတ်ပုံများကိုသာ အသုံးပြု ထုတ်လွှင့်ခဲ့ခြင်းကြောင့် နစကသည် တရုတ်ကို မလိုလားသော အသွင်သဏ္ဍာန်ကို ပြသခြင်းလားဟု နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
သို့သော်လည်း နှစ်ဖက်တွေ့ဆုံစဉ် မြန်မာ့ငြိမ်းချမ်းရေးကိစ္စများ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးကိစ္စများ၊ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ အခြားငွေကြေးလိမ်လည်မှုနှင့် တရားမဝင် လုပ်ငန်း များ ပပျောက်စေရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု နစကဘက်က သတင်း ထုတ်ပြန်ခဲ့သည်။
MNDAA က ရမခတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခဲ့စဉ်
ထို့နောက် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် လားရှိုးမြို့ အပါအဝင် ကျောက်မဲမြို့၊ နောင်ချိုမြို့ အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့၊ စဉ့်ကူးမြို့၊ မိုးမိတ်မြို့၊ မိုးကုတ်မြို့တို့ကို TNLA၊ MNDAA၊ BPLA၊ PLA၊ DPLA၊ Local PDFs များ ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဆိုကာ တိုက်ခိုက် သိမ်းပိုက်ထားသည်။
အဆိုပါ စစ်ဆင်ရေး၏ နောက်ကွယ်တွင် တရုတ်က ထောက်ပံ့ကူညီမှုပေးခြင်းဖြင့် ပတ်သက်မှုရှိနေသည်ဟု ပြည်တွင်းရှိ နိုင်ငံရေးနှင့်စစ်ရေးအကဲခတ်များက ယုံကြည်ထားကြသည်။
ထို့ကြောင့် တရုတ်နှင့်နစကကြား သံတမန်ဆက်ဆံရေးမှာ အကောင်းဘက်တွင် မရှိဘဲ အဖုအထစ်များ ဖြစ်ပေါ် နေသည်ဟု ထောက်ပြလာကြသည်။
TNLA၊ MNDAA၊ MDY-PDF များက တိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့် ပြင်ဦးလွင်မြို့ကနေ တိုက်ပွဲ ရှောင်လာကြသူများကို တွေ့ရစဉ်
TNLA၊ AA၊ MNDAA တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ရပ်တန့်ရေးအတွက် တရုတ်အစိုးရက ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ၅ ကြိမ်မြောက်အထိ ဆွေးနွေးလာခဲ့သော ဟိုင်ဂင်ဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်နေ့တွင် ၆ ကြိမ်မြောက် ပြုလုပ်ရန် စီစဉ်ထားရာ မြန်မာ့တပ်မတော်ဘက်မှ မတက်ရောက်ကြောင်း အကြောင်းပြန်ခဲ့ခြင်းကြောင့် ဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့သည်။
ထိုဟိုင်ဂင် ၆ ကြိမ်မြောက် ဆွေးနွေးပွဲ ပျယ်ပြယ်သွားပြီးနောက် သြဂုတ် ၈ ရက်နေ့မှာ ပြန်လည် ပြုလုပ်ရန် စီစဉ်ထားရာမှာလည်း မြန်မာ့တပ်မတော်ဘက်က မတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ခဲ့ပြီး ယနေ့အထိ ဆွေးနွေးပွဲမဖြစ်ဘဲ ရပ်တန့်နေသည်။
တခြားတစ်ဖက်မှာလည်း TNLA-MNDAA ဦးဆောင်ပြီး PDF များဖြင့် ပူးပေါင်း၍ ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့ ကို တိုက်ခိုက်ရန် စစ်ရေးပြင်ဆင် စုဖွဲ့နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထို့နောက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ ရုတ်တရက် ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံ ဆွေးနွေးမှု ပေါ်ပေါက်လာခဲ့သည်။