CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး တည်ဆောက်ခြင်းနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည် ဖော်ဆောင်နိုင်ရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြသည်။

တရုတ်- မြန်မာနယ်စပ်အနီး လှုပ်ရှားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ့တပ်မ တော် စစ်စခန်းများနှင့် မြို့များကို သိမ်းပိုက်ခဲ့သည်။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးတွင် မြန်မာ့တပ်မတော်သည် စစ်စခန်းပေါင်း ၁၀၀ ကျော် လက်လွတ်ခဲ့ရသလို လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကွမ်လုံ၊ ဟိုပန်၊ ပန်ဝါ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့နယ်များကိုလည်း လက်လွတ်ခဲ့ရသလို နယ်စပ်ကုန်သွယ်ရေးများလည်း ရပ်တန့်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ထို့နောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်း၍ ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ဆွမ်ဘရာဘွမ်၊ လွယ်ဂျယ် စသည့် မြို့နယ်များအတွင်းက အရေးကြီးသော မြန်မာ့တပ်မတော်၏ စစ်စခန်းများကို သိမ်းပိုက်ထားသည်။

တခြားတစ်ဖက်မှာလည်း AA က ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင်၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ စသည့် မြို့နယ်များကို သိမ်းပိုက်ထားပြီး မြန်မာ့တပ်မတော်၏ စစ်စခန်းများစွာကိုလည်း သိမ်းပိုက်ခဲ့သည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး၊ ကချင်-တရုတ် နယ်စပ်ကုန်သွယ်ရေး၊ ရှမ်း-တရုတ်နယ်စပ်ကုန် သွယ်ရေးများ ရပ်တန့်နေပြီး ပြည်တွင်းမှာ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

AA၊ TNLA၊ MNDAA၊ KIA တို့သည် တရုတ်၏ သြဇာဖြင့်လွတ်ကင်းမှုမရှိသလို ယခုဖြစ်ပွားနေသော တိုက်ပွဲများ တွင် တရုတ်က ကျောက်ထောက်နောက်ခံပေးထားသည်ဟု မြန်မာနိုင်ငံအတွင်းက စစ်ရေးလေ့လာစောင့်ကြည့် သူများက ပြောသည်။

AA၊ TNLA၊ MNDAA တို့နှင့် မြန်မာ့တပ်မတော်ကြား အပစ်အခတ်ရပ်စဲရန်အတွက်လည်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ၄ ကြိမ်တိုင်တိုင် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။