CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်အပေါ် အခြေခံသည့် နိုင်ငံရေး ဆွေးနွေးမှုမှန်သမျှ လက်မခံကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)က ယနေ့ (ဧပြီ ၁ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

NMSP-AD ၏ နိုင်ငံရေးရပ်တည်ချက်အရ NCA စာချုပ်အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှုမှန်သမျှ လက်မခံ ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ ဆန့်ကျင်သွားမည် ဖြစ် ကြောင်း၊ ထို့အတူ အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့် မရှိရ စသဖြင့် ပါရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီ (NMSP)မှ ထိတ်ပိုင်းခေါင်းဆောင်အချို့ နှုတ်ထွက်ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့) ကို ထူထောင်ခဲ့ကာ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး တိုက်ခိုက်လျက်ရှိနေသည်။

 NCA နှစ်ပတ်လည် အခမ်းအနားကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး NCA အကောင်အထည်ဖော်မှုများ ရပ်တန့်သွားကြောင်း၊ လက်ရှိ မိမိတို့ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ NCA လမ်းကြောင်းအရ သွားနေခြင်း မဟုတ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဟာက ကျနော်တို့အနေနဲ့တော့ ရှင်းရှင်းလင်းလင်း ဖြစ်ပါတယ်။ အများအားဖြင့်လည်း နားမလည်သေး တာတော့ ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ NCA အကောင်အထည်ဖော်မှု လုပ်ငန်းတွေက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကနေစပြီးတော့ လုံးဝမရှိတော့ပါဘူး။ ကျနော်တို့ NCA သဘောတူညီ ချက်အရလုပ်တဲ့ ဒီလုပ်ငန်းတွေ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေက ကျနော်တို့ ကြိုတင်သိထားတဲ့ အတိုင်းပဲ သူ့ရဲ့ ယန္တရားတွေ ရှိတယ်လေ၊ JMC တို့၊ UPDJC တို့၊ JICM တို့ စသဖြင့်ပေါ့၊ ဒါက NCA လမ်းကြောင်းအရ အကောင်အထည်ဖော်မှု လုပ်ငန်းအရ ကျနော်တို့ လုပ်ခဲ့တာဖြစ်တယ်။ သို့သော ခုနက ကျနော်တို့ ပြောတဲ့ ယန္တရားတွေလည်း မလည်ပတ်နိုင်တာ ၃ နှစ်ကျော်ရှိခဲ့ပြီ။ ခုနက ကျနော်ပြောသလိုမျိုးပါပဲ၊ NCA သဘောတူညီ ချက်အရ NCA လမ်းကြောင်းမှာ လုပ်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ငန်းတွေက ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေစပြီးတော့ ရပ်တန်းသွားခဲ့ပါပြီ။ လက်ရှိ ကျနော်တို့ ကိုယ်တိုင်လုပ်နေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက NCA လမ်းကြောင်းအတိုင်း လုပ်တယ်လို့ ကျနော်တို့ အဲဒီလိုမျိုး နားလည်တာ မရှိပါဘူး။ NCA ယန္တရားအတိုင်း လုပ်နေတာလဲ မဟုတ်ပါဘူး။ NCA သဘောတူညီချက်အရ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း မဟုတ်ဘူးဆိုတာတော့ သိရှိထားပြီးသား ဖြစ်မှာပါ” ဟု ပြောသည်။

 မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)ကို တွေ့ရစဉ်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)၏ နိုင်ငံရေး ရပ်တည်ချက်အရ နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် မည်သည့်နိုင်ငံရေး အာဏာခွဲဝေမှုကိုမှ လက်မခံကြောင်း၊ တော်လှန်ရေးကာလ အတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် ဒေသ၏ လိုအပ်ချက်များအရ ဖက်ဒရယ် အခြေခံ စံနှုန်းများနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)သည် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိနေသည်။