CNI International News

အော့တဝါ၊ ဧပြီ ၁

ကနေဒါနိုင်ငံသည် ဟေတီနိုင်ငံသို့ ကုလသမဂ္ဂခွင့်ပြုထားသည့် မစ်ရှင်တွင် ပါဝင်ရန် စီစဉ်ထားသော ကာရေဘီယံ နိုင်ငံများမှ တပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးရန် ၎င်း၏စစ်သား ၇၀ ခန့်ကို ဂျမေကာနိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု ကနေဒါကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးကျရောက်နေသော ဟေတီနိုင်ငံ တွင် အင်အားကြီး လူဆိုးဂိုဏ်းများကို တိုက်ခိုက်ရန်အတွက် အမျိုးသားရဲတပ်ဖွဲ့အား ကူညီပေးရန် စေလွှတ်မည့် နိုင်ငံတကာတပ်ဖွဲ့ကို ၎င်းက ဦးဆောင်သွားမည်ဟု ကင်ညာနိုင်ငံမှ လွန်ခဲ့သည့်နှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြင်သစ်စကားပြော အများစု နေထိုင်သည့် ကွိဘက် (Quebec)ပြည်နယ်မှ ကနေဒါတပ်ဖွဲ့များသည် အဓိက ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စွမ်းရည်များနှင့် တိုက်ခိုက်ရေး ပညာရပ်များ၊ ရှေးဦးသူနာပြု ပြုစုခြင်းဆိုင်ရာ သင်တန်းများကို ပို့ချပေးသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဟေတီက လူဆိုးဂိုဏ်းများကိုတွေ့ရစဉ်

ပြင်သစ်ဘာသာစကားသည် ဟေတီ၏ တရားဝင် ဘာသာစကားနှစ်ခုတွင် တစ်ခု အပါအဝင်ဖြစ်သည်။

ထိုတပ်ဖွဲ့များသည် ဂျမေကာနိုင်ငံတွင် အစောပိုင်း ကာလတစ်လကြာ နေထိုင်ရန် စီစဉ်ထားပြီး ဂျေမေကာ၊ ဘီလစ်ဇ်နှင့် ဘာဟားမာ့စ်နိုင်ငံတို့မှ တပ်ဖွဲ့ဝင် ၃၃၀ ကို လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်သည်။

ကနေဒါက ကင်ညာဦးဆောင်သည့် မစ်ရှင်၏ တပ်ဖြန့်ချထားမှုကို ထောက်ပံ့ရန် ဒေါ်လာ ၈၀.၅ သန်း ထောက်ပံ့ ကူညီသွားမည်ဟု လွန်ခဲ့သည့်လက ပြောကြားခဲ့သည်။

Source: ရိုက်တာ