CNI International News

မော်စကို၊ ဧပြီ ၁ 

ရုရှားသည် အိန္ဒိယ အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းပြီး အကြမ်းဖက်မှုကို တိုက်ဖျက်သွားရန် ဆုံးဖြတ်ထား ကြောင်း ရုရှားသံတမန် ဒန်းနစ် အလီပေါ့ဗ် (Denis Alipov) က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်ဟု My Press Today သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ရုရှားသံရုံးသည် မော်စကိုဂီတခန်းမ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ထိခိုက်သေဆုံးခဲ့သူများအတွက် ဝမ်းနည်း ကြောင်း သဝဏ်လွှာများ ပေးပို့မှုများကို ဆက်လက် လက်ခံသွားမည်ဟု အလီပေါ့ဗ်က ပြောသည်။

"မတ် ၂၂ ရက်က မော်စကိုမြို့တော်အနီးမှာ ဖြစ်ပွားခဲ့တဲ့ လူမဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချပြီး သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြထားတဲ့ သဝဏ်လွှာတွေကို သံရုံးက လက်ခံသိမ်းဆည်း နေပါတယ်" ဟု ၎င်းက ဆိုသည်။ 

 ရုရှားသံတမန် ဒန်းနစ် အလီပေါ့ဗ်ကို တွေ့ရစဉ်

ဆက်လက်ပြီး အိန္ဒိယပြည်သူများနှင့် အခြားနိုင်ငံများမှ ပြည်သူများက ထိုဖြစ်စဉ်တွင် ထိခိုက်နစ်နာခဲ့ရသူများနှင့် ၎င်းတို့၏ ဆွေမျိုးများ၊ ရုရှားအစိုးရတို့အပေါ် ထားရှိသည့် သဘောထားများအတွက် မိမိတို့ အလွန်ကျေးဇူးတင် ကြောင်း အလီပေါ့ဗ်က ပြောသည်။

ထို့နောက် ရုရှားနိုင်ငံအား ခိုင်မာစွာထောက်ခံပြီး အကြမ်းဖက်မှုကို ပုံစံမျိုးစံဖြင့် ရှုတ်ချခဲ့သည့် ဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၊ နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များ၊ ဝန်ကြီးများ၊ ထိပ်သီးအရာရှိများနှင့် တက်ကြွလှုပ်ရှား သူများ၏ ထုတ်ပြန်ချက်များကိုလည်း ကျေးဇူးတင်ကြောင်း အလီပေါ့ဗ်က ပြောသည်။

မတ်လ ၃၀ ရက်က တာဂျစ်ကစ္စတန် နိုင်ငံ့လုံခြုံရေးအဖွဲ့သည် လူပေါင်း ၁၄၄ ဦး သေဆုံးခဲ့သည့် မော်စကို ဂီတခန်းမ တိုက်ခိုက်ခံရမှုနှင့် ဆက်နွှယ်သည့် လူကိုးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာ များက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံတွင်လည်း ပစ်ခတ်မှု ကျူးလွန်သည့် သေနတ်သမား ၄ ဦး အပါအဝင် သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရုရှားအရာရှိများက အစောပိုင်းတွင် ပြောကြားခဲ့သည်။

မော်စကိုဂီတခန်းမ တိုက်ခိုက်ခံရစဉ်

မည်သို့ပင်ဆိုစေ ရုရှားထောက်လှမ်းရေးအဖွဲ့များသည် မော်စကို ဂီတခန်းမကို ISIS အဖွဲ့က တိုက်ခိုက်မည့် ခြိမ်းခြောက်မှုကို သတိထားမိခဲ့ကြောင်း ဗြိတိန်အခြေစိုက် စုံစမ်းထောက်လှမ်းရေးအဖွဲ့က ရရှိခဲ့သည့် ရုရှား ထောက်လှမ်းရေး အချက်အလက်များကို ကိုးကားပြီး CNN မှ ဖော်ပြခဲ့သည်။ 

ရုရှားထောက်လှမ်းရေး အချက်အလက်များတွင် ISIS အဖွဲ့၏ ဗဟိုအာရှအဖွဲ့ခွဲ ISIS-K ၏ တာဂျစ်လူမျိုးများလည်း ထိုတိုက်ခိုက်မှုတွင် ပါဝင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု လန်ဒန်အခြေစိုက် Dossier Centre က ပြောကြားခဲ့သည်။ 

ISIS အဖွဲ့ကလည်း ထိုတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများကို ထုတ်ပြန်ခဲ့ပြီး ထိုတိုက်ခိုက်မှုအား ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

Source: My Press Today