CNI International News

တိုကျို၊ ဧပြီ ၁

ဂျပန်နိုင်ငံသည် စစ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့ဖြင့် ဆက်နွှယ်သော လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်သည့် အချိန်တိုင်း တရုတ်သည် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်ဟု Economic Times မှ ဖော်ပြခဲ့သည်။ 

မတ်လ ၂၆ ရက်က ဂျပန်သည် အီတလီ၊ ဗြိတိန်တို့နှင့် ပူးပေါင်းထုတ်လုပ်နေသည့် ခေတ်မီ ဂျက်တိုက်လေယာဉ် များကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချခွင့် ရရှိစေရန် ကာကွယ်ရေးနည်းပညာများ လွှဲပြောင်းမှုနှင့်ပတ်သက်ပြီး ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖယ်ရှားခဲ့ပြီးနောက် တရုတ်မှ စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့သည်။

"ဂျပန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ သတင်းတွေကို ရရှိထားပြီး တရုတ်အနေနဲ့ အဲဒီဆုံးဖြတ်ချက် ကို အရမ်းစိုးရိမ်မိပါတယ်။ ဂျပန်ရဲ့ စစ်ရေးနဲ့ လုံခြုံရေးလှုပ်ရှားမှုတွေကို အာရှအိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်နေပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားခဲ့သည်။

 ဂျပန်စစ်တပ်ကို တွေ့ရစဉ်

ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) ဦးဆောင်သည့် ဂျပန်အစိုးရသည် ကာကွယ်ရေးပစ္စည်းများနှင့် နည်းပညာများ လွှဲပြောင်းပေးအပ်မှုနှင့်ပတ်သက်ပြီး ပို့ကုန်ကဏ္ဍ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်ရန် အတည်ပြုခဲ့သည်။

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ၎င်း၏ ညွန့်ပေါင်းဖြစ်သည့် ကိုမိုင်တို (Komeito) ပါတီတို့ ကလည်း ထိုအစီအစဉ်ကို သဘောတူခဲ့ကြသည်ဟု Japan Times သတင်းတွင် ဖော်ပြခဲ့သည်။

စည်းကမ်းဥပဒေများကို ပြန်လည်သုံးသပ်မှုဖြင့် ဂျပန်သည် အီတလီ၊ ဗြိတိန်တို့နှင့် ပူးပေါင်းထုတ်လုပ်နေသည့် တိုက်လေယာဉ်များအား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ 

ထိုတိုက်လေယာဉ်များကို ၂၀၃၅ ခုနှစ်တွင် တတိယနိုင်ငံသို့ ဖြန့်ကြက်ချထားနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာကို တွေ့ရစဉ်

အဆိုပါ တိုက်လေယာဉ်များ ထုတ်လုပ်မှု အစီအစဉ်သည် လက်ရှိတွင် ဒီဇိုင်းရေးဆွဲနေသည့် အဆင့်သို့ ရောက်ရှိနေ ပြီးဖြစ်သည်။

ထို့ကြောင့် လာမည့် ၅ နှစ်အတွင်း တိုက်လေယာဉ်များ၏ အထူးသတ်မှတ်ချက်များနှင့် စွမ်းဆောင်ရည်များ၏ မူကြမ်းကို အပြီးသတ် ရေးဆွဲနိုင်ရန် မျှော်လင့်ထားသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာ (Minoru Kihara) က ပြောကြားခဲ့သည်။

ထိုတိုက်လေယာဉ်များကို ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများသို့ ရောင်းချသွားမည် မဟုတ်ဟုလည်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သို့သော် တရုတ်ကမူ ဂျပန်သည် ထိုတိုက်လေယာဉ်များကို ပစိဖိတ်၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများ ရှိ တရုတ်၏ ပြိုင်ဘက်နိုင်ငံများဆီသို့ တင်ပို့ရောင်းချမည့်အရေးကို စိုးရိမ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source:  Economic Times