CNI International News

နယူးဒေလီ၊ မတ်လ ၂၁

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ(Fumio Kishida) သည် မေလတွင် ကျင်းပမည့် G-7 အစည်းအဝေး တက်ရောက် ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi)အား တနင်္လာနေ့တွင် ဖိတ်ကြားကာ ဒေသတွင်း တရုတ် ၏ လွှမ်းမိုးမှုကို တန်ပြန်ရေးရည်ရွယ်သည့် အင်ဒို-ပစိဖိတ် ခြေလှမ်းသစ်တစ်ခုအတွက် အစီအစဉ်များ ထုတ်ပြန် ကြေညာခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသော ကီရှီဒါက လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် ပုံစံ တစ်ခုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်ဟု ပြောသည်။

တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုမှု မြင့်တက်လာခြင်းကို တားဆီးရေး လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ပိုမို ပူးပေါင်းဆောင်ရန် ဂျပန်ဦးဆောင်သည့် ခြေလှမ်းသစ် တစ်ခုဖြစ်သည်။

ယင်းတွင် စီပွားရေးတိုးတက်မှုအတွက် ဂျပန်၏ ထောက်ပံ့ကူညီမှု၊ ရေကြောင်းလုံခြုံရေး၊ ကမ်းရိုးတန်း ကင်းလှည့် ရေယာဉ်များ၊ အသုံးအဆောင်များနှင့် တခြားသော အခြေခံအဆောက်အဦ ပူးပေါင်း ဆောင်ရွက်မှုများအတွက် ထောက်ပံ့မှုများလည်း ပါဝင်သည်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ အိန္ဒိယကိုရောက်လာစဉ်

ထိုအစီအစဉ်သည် ဂျပန်တွင် ဒီဇင်ဘာလမှ စတင်ကျင့်သုံးခဲ့သည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာ အသစ်နှင့် လည်း ကိုက်ညီမှုရှိသည်။

မဟာဗျူဟာသစ်တွင် ဂျပန်နိုင်ငံ အနေဖြင့် တန်ပြန် တိုက်ခိုက် နိုင်စွမ်းကို မြှင့်တင်ရေး တာဝေးပစ် ခရုစ်ဒုံးကျည် များ တပ်ဆင်ခြင်း၊ ရည်ရွယ်ချက်တူ နိုင်ငံများကို ထောက်ပံ့ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအား မဟာဗျူဟာမြောက် ပိုမိုအသုံးပြုရေးတို့လည်း ပါဝင်သည်။

ယခုနှစ် G-20 အဖွဲ့ကို ဦးဆောင်သည့် အိန္ဒိယနိုင်ငံက ဂျပန်နှင့် ဆက်ဆံရေးများသည် ဒေသတွင်း တည်ငြိမ်မှုများ အတွက် အရေးပါသည်ဟု ပြောသည်။ ထိုနှစ်နိုင်ငံအပြင် အမေရိကန်၊ သြစတြေးလျတို့သည် Quad ဟုခေါ်သော အင်ဒို-ပစိဖိတ် မဟာမိတ်အဖွဲ့တစ်ခုကို တည်ထောင်ထားသည်။

မိုဒီနဲ့ ကီရှီဒါကိုတွေ့ရစဉ်

အရှေ့နှင့် တောင်တရုတ် ပင်လယ်များအတွင်း တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာချက်များသည် ဂျပန် အပါအဝင် တရုတ်၏ အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံငယ်များကို တုန်လှုပ်စေခဲ့သည်။

အိန္ဒိယနှင့် တရုတ်တို့ကြား ဆက်ဆံရေးများသည် လာဒတ်ခ် (Ladakh) ဒေသ နယ်စပ်တစ်လျှောက် နှစ်နိုင်ငံ တပ်ဖွဲ့များ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဆိုးရွားလာခဲ့သည်။

ကီရှီဒါသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရေးအတွက် မိုဒီနှင့် ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး ကျယ်ပြန့် သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အနီးကပ် ပူးပေါင်း ဆောင်ရွက် သွားမည်ဟုလည်း ခေါင်းဆောင်နှစ်ဦးက ပြောခဲ့သည်။

လာမည့် မေလတွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား (Hiroshima) တွင် ကျင်းပမည့် G-7 ညီလာခံသို့ ပူးပေါင်းရန် ဖိတ်ကြား မှုကို မိုဒီက လက်ခံခဲ့သည်ဟုလည်း ကီရှီဒါက ပြောသည်။

Source: AP