CNI International News

အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာ ၁၇

အိန္ဒိယဝန်ကြီးချုပ်ကို “ဂူဂျာရတ် သားသတ်သမား” ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ် ဘူတို-ဇာဒါရီ (Bilawal Bhutto-Zardari)က ပုတ်ခတ်ပြောဆိုခဲ့ ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယဘက်မှ ပါကစ္စတန်သည် အကြမ်းဖက်မှုများ၏ ဗဟိုချက်ဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက ယခုလို တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ နျူကလီးယား ပိုင်ရှင် အိမ်နီးချင်း နှစ်နိုင်ငံသည် ကုလသမဂ္ဂတွင် စကားလုံးတိုက်ပွဲ ဆင်နွဲနေခြင်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ် ဘူတို-ဇာဒါရီ (Bilawal Bhutto-Zardari) နှင့် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမမ်ရမ် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) တို့ကြား စကားလုံးတိုက်ပွဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အကြမ်းဖက်မှုအန္တရာယ် မြင့်တက်လာခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် တစ်ခု ကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။

ကုလ ညီလာခံအပြီး သတင်းထောက်များနှင့် စကားပြောဆိုခဲ့ရာတွင် ဂျိုင်ရှန်ကာက ပါကစ္စတန်သည် အကြမ်း ဖက်မှုများ၏ ဗဟိုချက်ဖြစ်သည်ဟု ပြောကြားခဲ့သလို သန့်သန့်ရှင်းရှင်းနေ ထိုင်၍ အိမ်နီးချင်းကောင်းဖြစ်ရန် ကြိုးစားသင့်သည်ဟု ဆိုသည်။

ကတ်ရှ်မီးယားမှာ လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

မိမိ အိမ်နောက်ဖက်တွင် မြွေမွေးထားလျှင် ထိုမြွေများသည် အိမ်နီးချင်းများကိုပင် မဟုတ်ဘဲ မွေးထားသည့် အိမ်ပိုင်ရှင်များကိုပင် ပြန်ဒုက္ခပေးနိုင်သည်ဟု ဟီလာရီကလင်တန်၏ ခရီးစဉ်တွင် ပြောခဲ့ဖူးကြောင်းလည်း ဂျိုင်ရှန်ကာက ပြောခဲ့သည်။

လက်ရှိ စကားလုံး တိုက်ပွဲမဖြစ်ပွားခင် အစောပိုင်းတွင်လည်း ဂျိုင်ရှန်ကာသည် ပါကစ္စတန်နိုင်ငံနာမည်ကို တိုက် ရိုက် မပြောခဲ့သည့်တိုင် သွယ်ဝိုက်သော နည်းဖြင့် ပုတ်ခတ်ပြောဆိုမှု ပြုလုပ်ခဲ့သည်။

ထိုပြောစကားများနှင့် ပတ်သက်၍ တုန့်ပြန်ရန် သတင်းထောက်များမှ မေးမြန်းရာတွင် ဇာဒါရီက အိန္ဒိယလူမျိုးများ သည် အိန္ဒိယ၊ ပါကစ္စတန် မည်သည့်နိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်သည်မဆို မူဆလင်များနှင့် အကြမ်းဖက်မှုများကို ရောချပစ်လိုက်ကြသည်ဟု ပြောသည်။

ဂျိုင်ရှန်ကာ အနေဖြင့် အိုစမာဘင်လာဒင် သေသွားခဲ့သည့်တိုင် ဂူဂျာရတ်ပြည်နယ်မှ လူသတ်သမား(မိုဒီ)မှာ မသေ သည့်အပြင် အိန္ဒိယဝန်ကြီးချုပ် ဖြစ်နေပြီဆိုသည်ကို မမေ့သင့်ကြောင်းလည်း ပါကစ္စတန်ဝန်ကြီးက ပြန်လည် တုန့်ပြန်ခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ် ဘူတို-ဇာဒါရီကိုတွေ့ရစဉ် (fb)

၎င်းက လက်ရှိ ဝန်ကြီးချုပ်မိုဒီ ဂူဂျာရတ်ပြည်နယ် အကြီးအကဲအဖြစ် ဆောင်ရွက်နေစဉ် မူဆလင် အများစု ပါဝင်သော လူ ၂၀၀၀ နီးပါး သေဆုံးခဲ့ရသည့် ၂၀၀၂ ခုနှစ်ဖြစ်စဉ်ကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် မိုဒီသည် အကြမ်းဖက်မှုများကို လျစ်လျူရှုခဲ့သည်ဟုလည်း စွပ်စွဲခံထားရပြီး ဝန်ကြီးချုပ် မဖြစ်ခင် အထိ အမေရိကန်ပြည်ဝင်ခွင့်ပါ ပိတ်ပင်ခံခဲ့ရသည်။

ဇာဒါရီ၏ တုန့်ပြန်မှုတွင် ၎င်းသည်ပင် အကြမ်းဖက်ဝါဒ၏ သားကောင်တစ်ဦးဖြစ်ကြောင်း ၊ အကြမ်းဖက်မှုကြောင့် ပါကစ္စတန်နိုင်ငံတွင် များစွာထိခိုက် နစ်နာခဲ့ရသည်ဟုလည်း ပြောခဲ့သည်။ ဇာဒါရီ၏ မိခင်ဖြစ်သူ ပါကစ္စတန်၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် ဘနာဇီယာဘူတို အသေခံဗုံးခွဲမှု ဖြစ်စဉ်တစ်ခုတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရမှုကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိမ်နီးချင်း ၂ နိုင်ငံကြား အထူးသဖြင့် ကတ်ရှ်မီးယားအရေးကြောင့် နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေး အခြေအနေ များမှာ ဆိုးရွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ခွဲထွက်မှု၊ စစ်ပွဲများလည်း ဖြစ်ပွားခဲ့ရသည်။

၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှု အပါအဝင် အိန္ဒိယတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက် ၍ ပါကစ္စတန်ဘက်က ကြိုးကိုင်ခဲ့သည်ဟုလည်း အိန္ဒိယက စွပ်စွဲထားသည်။

Source: အယ်ဂျာဇီးယား