CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဌာနပြုကြသည်ဆိုသော အချက် ကို မမေ့ကြရန် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA စာချုပ် လက်မှတ်ထိုးခြင်း ၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ် ဗွီဒီယို မိန့်ခွန်း ပေးပို့၍ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ NCA စတင်ချုပ်ဆိုချိန်ကတည်းက ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရ ရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူစာချုပ်ပါ အချက်များ ကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန် အလှန် သန္နိဌာနပြုကြသည်ဆိုတဲ့ အချက်ကို စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသူများက အလေးထား မှတ် မိနေကြအုံးမယ်လို့ ကျနော့်အနေနဲ့ယုံကြည်မိပါတယ်”ဟု ပြောသည်။

တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းကြမည်ဆို သော ရည်မှန်းချက်များနှင့် ဖြစ်ပေါ်ခဲ့ရသည့် အနှောင့်အယှက်များကြားမှာ NCA ကို မိမိတို့ ဘယ်လောက် အတိုင်း အတာအထိ အကောင်အထည်ဖော်နိုင်ခဲ့ကြလဲ၊ NCA လမ်းကြောင်း ဘယ်လောက်ခိုင်မာမှု ရှိခဲ့ပြီလဲဆိုတာ အားလုံး အသိပဲဖြစ်သည်ဟု ၎င်းက ပြောသည်။

 ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ၈ နှစ်ပြည့် အခမ်းအနား ကျင်းပစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ NCA ဟာ သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ တာဝန်ရှိသူများရဲ့ တွေ့ဆုံမှု ပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုများစွာကနေ အခြေတည် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် စာချုပ်သစ် တစ်ခုပဲ ဖြစ်ပါတယ်။ နှစ်ဖက်သဘောတူညီမှု ရရှိတဲ့အထိ အကြေအလည် ဆွေးနွေးခဲ့ရပါတယ်”ဟု ပြောသည်။

NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ လက်မှတ်ထိုး ထားကြသည်။

NCA စာချုပ်၏ နိဒါန်းတွင် ဤတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး ကြသော ကျွနှ်ပ်တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူစာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မ ကွက် အတူတကွ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဌာန်ပြုကြသည်ဟု ပြဌာန်း ထားသည်။

ထို့နောက် KNU၊ CNF၊ ABSDF၊ PNLO တို့သည် စာချုပ် ပျက်ပြယ်သွားပြီးဟုဆိုကာ မြန်မာ့တပ်မတော်နှင့် နစက ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိနေသလို NCA အခမ်းအနားပွဲများ တက်ရောက်ခြင်းလည်း မရှိတော့ ပေ။