CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)သည် ပြည်ထောင်စုလွှတ်တော်က အတည် ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်သည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့က နစကကောင်စီ အစည်းအဝေး (၃/၂၀၂၃)တွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများ ရှေ့မျောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း၊ အစိုးရဘက်မှ မိမိကိုယ်တိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ပါဝင် လက်မှတ်ရေးထိုးခဲ့သည်”ဟု ပြောသည်။

နစကကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့သည်ကို တွေ့ရကြောင်း၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကိုလည်း လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား၍ စီစဉ် ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA မှာ ပျက်သွားပြီး ဖြစ်၍ လိုက်နာစရာမလိုတော့ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့သည်။

 NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတွေ့ရစဉ်

NCA စာချုပ်ကို KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုက ရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ထိုးခဲ့ကြသည်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ NCA ကို လက်မှတ်ထိုးခဲ့သည်။

အဆိုပါ NCA စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံများမှ သံတမန် များ၊ ပြည်တွင်း အသိသက်သေများလည်း အသိသက်သေများအနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုထားခဲ့သည်။