CNI International News

ဆိုးလ်၊ ဇန်နဝါရီ ၁၇

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တောင်ကိုရီးယား ကို "အဓိကရန်သူ၊ ထာဝရရန်သူ" အဖြစ် အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ရန် တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားလွှတ်တော်ကလည်း တောင်ကိုရီးယားနှင့် ဆွေးနွေးပွဲများပြုလုပ်ရန် တိုက်တွန်းနေသည့် အဖွဲ့အစည်းများကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်ချုပ်၏ အစည်းအဝေးတွင် ကင်မ်က မိန့်ခွန်းပြောကြားခဲ့ရာ၌ မြောက်ကိုရီးယားသည် တောင်ကိုရီးယားပြည်သူများကို တစ်နိုင်ငံတည်းသားများအဖြစ် မရည်ညွှန်းသင့်ကြောင်း တောင်ကိုရီးယားသည် ရန်သူဖြစ်သည်ဆိုသည့် အတွေးအခေါ်ကို ပျံ့နှံ့စေရန် ပညာရေးကဏ္ဍကို တင်းကျပ်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်သင့်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်မှုကို နောက်တစ်ကြိမ် ပြုလုပ်မည့် အစည်းအဝေးတွင် ဆွေးနွေး သင့်ကြောင်းလည်း ကင်မ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားသည် နှစ်နိုင်ငံ ပင်လယ်ရေကြောင်း နယ်စပ်အနီးတွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ကင်မ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) ကလည်း ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်သည့်် အစိုးရ အဖွဲ့အစည်းအဝေး၌ မြောက်ကိုရီးယား၏ လုပ်ဆောင်မှုများကို ဝေဖန်ခဲ့သည်။

ထို့နောက် ကိုရီးယားနှစ်နိုင်ငံအကြား ရန်သူများအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုမှုသည် မြောက်ကိုရီးယား၏ အမျိုးသားရေး နှင့် သမိုင်းကြောင်းကို ဆန့်ကျင်သည့် သဘောသဘာဝကို ပြသရာရောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယားကို တွေ့ရစဉ်

ကင်မ်ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ကိုရီးယားကျွန်းဆွယ်၌ စစ်ပွဲဖြစ်ပွားလာသည့် အချိန်တွင် တောင်ကိုရီးယားကို အလုံးစုံသိမ်းပိုက်မည့် အခြေအနေအား သတ်မှတ်ပြဋ္ဌာန်းနိုင်သည်ဟုလည်း ပြောကြားခဲ့ သည်။

ကိုရီးယားနှစ်နိုင်ငံအကြား တရားမဝင် ပင်လယ်ရေကြောင်း နယ်စပ်အဖြစ် ရှုမြင်ခံထားရသည့် NLL စည်းသည် တရားမဝင်ကြောင်း၊ တောင်ကိုရီးယားအနေဖြင့် မိမိတို့၏ လေပိုင်နက်၊ ရေပိုင်နက်နှင့် ကုန်မြေပိုင်နက်များကို အနည်းငယ်မျှပင် ချိုးဖောက်ဝင်ရောက်ခဲ့မည်ဆိုပါက စစ်ကြေညာခြင်းအဖြစ် ယူဆသွားမည်ဟုလည်း ကင်မ်က ပြောကြားခဲ့သည်။

မြောက်ပိုင်း ကန့်သတ်စည်း (Northern Limit Line- NLL) ကို ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အဆုံးသတ် ချိန်တွင် အမေရိကန်ဦးဆောင်သည့် ကုလသမဂ္ဂတပ်ဖွဲ့များက သတ်မှတ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

Source: ဘန်ကောက်ပို့စ်