CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁၇

၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် အိုင်အိုဝါ (Iowa) ပြည်နယ်တွင် ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့သည့် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ရွေးချယ်သည့် အစည်းအဝေးတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြတ်သားစွာ အနိုင်ရရှိခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ပြိုင်ဘက် ရီပတ်ဘလစ်ကန်များဖြစ်သည့် ဖလော်ရီဒါ (Florida) ပြည်နယ်အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ် (Ron DeSantis) ၊ တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီ ဟာလေး (Nikki Haley) တို့ကို အလွယ်တကူ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရရန် ခြေလှမ်းတစ်လှမ်း ပိုမိုနီးစပ်လာခဲ့သည်။

ထရမ့်သည် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ၄၀ အနက် ၂၀ ၏ ထောက်ခံမှုကို ရရှိခဲ့ပြီး ဒီဆန်းတစ်က ၈ ဦး၏ ထောက်ခံမှု၊ ဟာလေးက ၇ ဦး၏ ထောက်ခံမှုကိုသာ ရရှိခဲ့သည်။

နစ်ကီဟာလေး အမည်ကိုတွေ့ရစဉ်

နည်းပညာ စွန့်ဦးတီထွင်ပညာရှင် ဗီဗက် ရာမာဆွာမိ (Vivek Ramaswamy) ကမူ ကိုယ်စားလှယ် ၂ ဦး၏ ထောက်ခံမှုကိုသာရရှိခဲ့သဖြင့် သူသည် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြုသည့်် ကိုယ်စားလှယ်လောင်း နေရာအတွက် ဆက်လက် ယှဉ်ပြိုင်မည် မဟုတ်တော့ကြောင်း ကြေညာခဲ့ပြီး ထရမ့်ကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။

ထရမ့်၏ ထောက်ခံမှုနှုန်း ရလဒ်များအရ သူသည် တရားရေးဆိုင်ရာ အမှုအခင်းများနှင့် ရင်ဆိုင်နေရသည့်တိုင် ရီပတ်ဘလစ်ကန်ပါတီကို ဆက်လက် လွှမ်းမိုးထားနိုင်ဆဲဖြစ်ကြောင်း ပြသရာရောက်ခဲ့သည်။ 

ထို့ပြင် ထရမ့်၏ တရားရေးဆိုင်ရာ အမှုအခင်းများသည် ၎င်းအား ထောက်ခံသူများ၏ ထောက်ခံမှုနှုန်းကို ကြီးကြီးမားမား လျော့ကျသွားစေခဲ့ခြင်းမရှိဘဲ ထရမ့် ထောက်ခံသူအများစုက ထိုအမှုအခင်းများသည် နိုင်ငံရေး စေ့ဆော်မှုကြောင့်သာဖြစ်သည်ဟု ယူဆထားကြသည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

အိုင်အိုဝါပြည်နယ်သည် ရီပတ်ဘလစ်ကန်ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကို သမ္မတရွေးကောက်ပွဲတွင် ရွေးချယ်မှုများအနက် ရှုပ်ထွေးသည့် မှတ်တမ်းများရှိခဲ့သည်။

ထိုပြည်နယ်တွင် ထရမ့် မတိုင်မီ ရီပတ်ဘလစ်ကန်ကိုယ်စားပြု ကိုယ်စားလှယ်လောင်းတစ်ဦး သမ္မတအဖြစ် အနိုင် ရရှိခဲ့သည့် နောက်ဆုံးမှတ်တမ်းမှာ ၂၀၀၀ ပြည့်နှစ်ကဖြစ်ပြီး ထိုအချိန်က ဂျော့ချ် ဒဗလျူဘုရ် (George W Bush) အနိုင်ရခဲ့ခြင်းဖြစ်သည်။

ထို့နောက် ထရမ့်သည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အိုင်အိုဝါပြည်နယ်တွင် အနိုင်ရရှိခဲ့ပြီး ဘုရှ်ပြီးလျှင် ထိုပြည်နယ်၌ အနိုင်ရပြီး သမ္မတဖြစ်လာခဲ့သည်။

သို့သော် ထရမ့်သည် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် အိုင်အိုဝါပြည်နယ်တွင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)ကို အနိုင်ရခဲ့သော်လည်း ပြည်နယ်အားလုံး၏ မဲရာခိုင်နှုန်း စုစုပေါင်းတွင်မူ ဘိုင်ဒန်က အနိုင်ရခဲ့ပြီး သမ္မတဖြစ်လာခဲ့ခြင်းဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား