CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆

မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကရင်လက်နက်ကိုင်များ ကြား တိုက်ပွဲများ ပြင်းထန်၍ ကုန်သွယ်ရေး ရပ်တန့်နေချိန်ကာလတွင် ထိုင်းစစ်တပ် အကြီးအကဲများနှင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မကြာခဏ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center၊ Neighboring Countries Coordination Center(NCCC)ဌာန၏ အကြီးအကဲ General Kittisak Boonprathamchai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ ခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံစိတ်ချရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ တရားဥပဒေစိုးမိုးရေး စသည့် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ Video Conferencing ဖြင့် တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံစိတ်ချရေး၊ နှစ်နိုင်ငံနယ်စပ်အနီး အွန်လိုင်း လောင်းကစား လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြသေးသည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည် တော်မှာ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသေးသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ထိုင်းအစိုးရသည် မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ရန် စိတ်ဝင် စားနေသလို တစ်ရက်လျှင် သန်းနှင့်ချီ ဆုံးရှုံးနစ်နာနေသော မြန်မာ(မြဝတီ)-ထိုင်း(မဲဆောက်) အာရှလမ်းမကြီး ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆန္ဒရှိနေသည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗင်ဆင်ကလည်း မြန်မာပဋိပက္ခကို အဖြေရှာနိုင်ရေး ကြိုးပမ်းနေသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားရန်လည်း စီစဉ်နေကြောင်း ဘန်ကောက်စ် ပို့က ရေးသားဖော်ပြထားသည်။

လက်ရှိတွင် ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းဖြစ်သည့် အာရှလမ်းမကြီးသည် ကရင်အမျိုးသားအစည်းအရုံး(KN U)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် ရပ်တန့်နေသည်။