CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆

ထြိုင်ဝမ်(တရုတ်-တိုင်ပေ)သည် တရုတ်နိုင်ငံ၏ ခွဲထွက်၍ မရသော အစိတ်အပိုင်း တစ်ခုအဖြစ် မြန်မာနိုင်ငံက မှတ်ယူထားပါသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ သည်။

မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်တစိုက် ထောက်ခံကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေး ဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော ဆောင်ရွက် ချက်များအား ဆန့်ကျင်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ)တို့ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်း ဖော်ပြအပ်ပါသည်”ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ် သမ္မတအသစ်ဖြစ်လာတဲ့ လိုင်ချင်တေး(အမျိုးသား)ကို တွေ့ရစဉ်

ထို့နောက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းလျက် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို တစ်စိုက်မတ်မတ် ထောက်ခံလျက်ရှိကြောင်း ထပ်လောင်း အတည်ပြုအပ်ပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်တွင် ဇန်နဝါရီ ၁၅ ရက်နေ့က သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့ရာ ထိုင်ဝမ်ခွဲထွက်ရေး စိတ်အားထက်သန် သူ လိုင်ချင်တေး ရွေးကောက်ပွဲ အနိုင်ရကာ သမ္မတအသစ် ဖြစ်လာခဲ့သည်။

ထို့နောက် တရုတ်နှင့်ထိုင်ဝမ်ကြား ဆက်ဆံရေး တင်းမာလာပြီး တရုတ်က ထိုင်ဝမ်ကို စစ်ရေးနှင့်စီးပွားရေးအရ ဖိအားပေးလျက်ရှိနေသည်။