CNI International News

မနီလာ၊ ဇန်နဝါရီ ၁၆

တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်၏ ရေပိုင်နက်အတွင်း စစ်သားများ စခန်းချနေထိုင်နိုင်မည့် ကျွန်းများ ကို တည်ဆောက်သွားမည်ဟု ဖိလစ်ပိုင် စစ်တပ်အကြီးအကဲ ရိုမီရို ဘရော်နာ (Romeo Brawner)က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ထိုအစီအစဉ်သည် မဟာဗျူဟာမြောက် အရေးကြီးသည့် ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းသွားလာနေသော တောင်တရုတ်ပင်လယ်၏ ရေပြင်နယ်နိမိတ်များကို ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသည့် တရုတ်နှင့် ဖိလစ်ပိုင် အကြား တင်းမာမှုများကို ပိုမိုမြင့်တက်စေမည်ဖြစ်သည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် Ayungin ဟု လူသိများသည့် Second Thomas သောင်ခုံမှလွဲပြီး တောင်တရုတ်ပင်လယ် အတွင်းရှိ ရေပြင်နယ်နိမိတ် ၈ ခုကို ဖိလစ်ပိုင်က သိမ်းပိုက်ထားသည်။ ထိုရေပြင်နယ်နိမိတ်များသည် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်အတွင်းတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။

"ကျနော်တို့ဟာ အဲဒီ နယ်နိမိတ်တွေအားလုံးကို ကျွန်းတွေဆောက်လုပ်ပြီး အဆင့်မြှင့်တင် မွမ်းမံသွားမှာပါ" ဟု ဘရော်နာက ဖိလစ်ပိုင်စစ်ဌာနချုပ်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) ဦးဆောင်ပြုလုပ်သည့် ညီလာခံကို တက်ရောက်အပြီး ပြောကြားခဲ့သည်။

ဖိလစ်ပိုင်စစ်သားကို တွေ့ရစဉ်

ထိုရေပြင်နယ်နိမိတ်များထဲတွင် တောင်တရုတ်ပင်လယ်အတွင်း အကြီးဆုံးနှင့် မဟာဗျူဟာအရ အရေးအပါဆုံး Thitu ကျွန်းလည်း ပါဝင်နေသည်။ ထိုကျွန်းကို ဖိလစ်ပိုင်တွင် Pag-asa ဟု လူသိများကာ ဖိလစ်ပိုင်၏ ပါလာဝမ် (Palawan) ပြည်နယ်မှ အနောက်ဘက် ၄၈၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။

ဖိလစ်ပိုင်စစ်တပ်သည် Second Thomas သောင်ခုံအနီးတွင် ၁၉၉၉ ခုနှစ်ကစပြီး ကျောက်ချရပ်နားထားသည့် အမေရိကန်စစ်သင်္ဘော အဟောင်းတစ်စင်းပေါ်တွင် ဖိလစ်ပိုင်စစ်သားများကို စခန်းချတပ်စွဲထားပြီး နယ်မြေ ပိုင်ဆိုင်ကြောင်း ကြေညာချက်ကို ခိုင်မာစေရန် ကြိုးပမ်းခဲ့သည်။ 

ဖိလစ်ပိုင်စစ်တပ်၏ အဆင့်မြှင့်တင်မွမ်းမံရေး အစီအစဉ်တွင် သင်္ဘောများ၊ ရေဒါများနှင့် လေယာဉ်များ ဝယ်ယူရရှိ ရေး အပါအဝင် နယ်မြေပိုင်ဆိုင်မှုကို အာရုံစိုက်ပြီး ပြည်တွင်းကာကွယ်ရေးကဏ္ဍအား မြှင့်တင်ရန်ဖြစ်သည်ဟု ဘရော်နာက ပြောကြားခဲ့သည်။

တရုတ်သည် နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ထရီလျံ တန်ဖိုးရှိသည့် ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်း သွားလာရာ လမ်းကြောင်းများရှိသော တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ 

Source: ဘန်ကောက်ပို့စ်