CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်မှာ တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့ထားမှုကို ပြန်ဖွင့်ပေးရန် တောင်းဆိုပါသည်ဟု ရခိုင်အမျိုးသား ပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

လမ်းပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေကြောင်း၊ ထို့ကြောင့် စားသောက်ကုန်၊ ဆေးဝါးများ လိုအပ်ချက်ရှိနေပြီး အရပ်ဖက်အဖွဲ့အစည်းများလည်း အကူအညီပေးနိုင်သည့် အခြေအနေမရှိကြောင်း ၎င်းက ပြောသည်။

ဦးသာထွန်းလှက “ရခိုင်ပြည်နယ်ကို ပိတ်ဆို့မှုတွေက မြန်မာ့တပ်မတော်ဘက်က ခရီးသွားလာခွင့်ရော၊ ကုန်စည် စီးဆင်းမှုတွေရော၊ စားသောက်ကုန်၊ ဆေးဝါးကအစ ကုန်သွယ်မှုကို ပိတ်ဆို့ထားတာက မြန်မာ့တပ်မတော်ဘက် က ပိတ်ဆို့ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ တပ်မတော်ဘက်က အဲဒီ ကုန်စည်စီးဆင်းမှုလမ်းတွေကို အဓိက ဖွင့်ပေးဖို့ လိုတယ်လို့ ကျနော်တို့က အဲဒီလိုပဲ ပြောလိုတယ်။ ဘာဖြစ်လို့လည်းဆိုရင် အပြင်က အရပ်ဖက် အဖွဲ့အစည်းတွေကလည်း အကူအညီပေးနိုင်တဲ့ အခြေအနေမျိုးမှာ မရှိဘူး။ ပိတ်ဆို့မှုတွေ လုပ်ထားတဲ့အတွက် ကြောင့် တိုက်ပွဲကြောင့် အိုးအိမ်ရပ်ရွာတွေကို စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေက နေ့စဉ်ရက်ဆက်များနေတဲ့ အခြေအနေဖြစ်တယ်။ အဲဒါကြောင့် အဓိကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ခရီးသွားလာခွင့်နဲ့ ကုန်စည်စီးဆင်းမှု တွေကို ပိတ်ဆို့ထားတာတွေကို အမြန်ဆုံးဖွင့်ပေးဖို့လိုတယ်လို့ ကျနော်အဲဒီလိုပဲ ပြောလိုတယ်” ဟု CNI သတင်း ဌာနသို့ ပြောသည်။

ANP ပါတီ၀င်များကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် လမ်းပိတ်ဆို့မှုများ ရှိလာခဲ့သည်။

ထို့အတူ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေသော ချင်းပြည်နယ် ပလက်ဝမြို့ကို AA က ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ့တပ်မတော်အနေဖြင့် လုံခြုံရေးအရ ပိတ်ဆို့ထားခြင်းဖြစ်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုအပေါ် မူတည်ကာ လုပ်ဆောင်သွားနိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ထိုတိုက်ပွဲများကြောင့် အလုပ်အကိုင်များ ရပ်နားထားရပြီး စားဝတ်နေရေးအပိုင်းတွင် အခက်အခဲများဖြင့် ကြုံတွေ့ ရကြောင်း မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးညီပုက CNI သတင်းဌာနသို့ ပြော သည်။

ရခိုင်တိုက်ပွဲရှောင်များကို တွေ့ရစဉ်

၎င်းက “အခက်အခဲကတော့ အများကြီးပါပဲ။ ဘယ်လိုလဲဆိုတော့ အခုက လူတွေကလည်း အလုပ်တွေ ဘာတွေ လည်း မရှိဘူး။ တိုက်ပွဲရှောင်နေရတဲ့ လူတွေ သူတို့တွေထဲမှာ နောက်ထပ်ပြေးလာတဲ့ လူတွေ အများကြီးရှိတယ်။ အလုပ်တွေဘာတွေ မရှိတော့ စားဝတ်နေရေး အခက်အခဲ တော်တော်ဖြစ်တယ်။ စားနပ်ရိက္ခာပိုင်းက အကျပ် အတည်း တော်တော်ဖြစ်တယ်။ ဒီဖက်အပိုင်းမှာက လယ်ဧကတွေလည်း နည်းတယ်ဆိုတော့ သူတို့ ဆန်တွေ ဘာတွေ လာပြီးရောင်းမယ့် သူတွေဆိုရင်လည်း လမ်းတွေ ပိတ်ဆို့ထားတဲ့အတွက် အခက်အခဲဖြစ်နေတယ်။ ပြီးရင် ဆန်ဈေးတွေလည်း မတရားထိုးတက်နေတော့ အလုပ်အကိုင်ကမရှိ၊ ဆန်ဈေးတွေက ထိုးတက်နေတော့ အဲဒါ ကြောင့် ဒီမှာ စားဝတ်နေရေး တော်တော်အခက်အခဲ ဖြစ်နေတယ်” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ချင်းပြည် နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။