CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွားများကို အကာအကွယ်ယူပြီး တိုက်ပွဲ မဖော်ဆောင်ကြရန် ရခိုင်အမျိုးသားပါတီ (ANP)မှ လက်နက်ကိုင်အဖွဲ့အစည်းများကို စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန် တောင်းဆိုခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (ULA/AA) နှင့် မြန်မာ့တပ်မတော်တို့အကြား ၂ နှစ်ခန့်အကြာ ရပ်တန့် နေသည့် တိုက်ပွဲမှာ ဩဂုတ် ၁၃ ရက်နေ့တွင် စတင်ပြီး တကျော့ပြန် ဖြစ်ပွားလာခဲ့ကြောင်း ANP ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မ‌တော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ် များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေကြသည့် INGOs၊ NGOsနှင့် CSOs များအား ပိတ်ပင်ထားမှုကို ပြန်လည်ဖွင့်ပေးရန် ANP က တောင်းဆိုခဲ့သည်။

ANP ၏ ထုတ်ပြန်ချက်

ထို့အတူ စစ်ပွဲဧရိယာ၊ စစ်ပွဲနှင့် မပတ်သက်သည့် နေရာများ အပါအဝင် မြို့နယ်တချို့အား ကုန်းလမ်း၊ ရေးလမ်း များကို အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် ၎င်းဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင် နေထိုင် ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း ANP ၏ ထုတ်ပြန်ချက်က ပြောထားသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိသလို အဆိုပါ တိုက်ပွဲများ ကြောင့် တိုက်ပွဲရှောင် ၁ သောင်းခွဲကျော် ရှိလာကြောင်း သိရသည်။