CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀

ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်လာသော ခရီးသည်တင် လေယာဉ်တစ်စင်း ပစ်ခတ်ခံရပြီး လေယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသား ခရီးသည်တစ်ဦး သေနတ်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ ခရီးသည်တင် လေယာဉ်သည် ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက်ပိုင်းက ခရီးစဉ်အမှတ် UB- 149 ဖြင့် ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲစဉ် လွိုင်ကော်လေဆိပ်သို့ အဆင်းမှာ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုလေယာဉ်သည် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ လေယာဉ်အမှတ် XY-AML၊ ATR-72(600) လေယာဉ်အမျိုးအစားဖြစ်ပြီး ခရီးသည် ၆၃ ဦးတင်ဆောင်လာကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ပုံ- ဝမ်းဗိုက်မှာ ပစ်ခတ်လိုက်ရတဲ့ ခရီးသည်တင်လေယာဉ်

ခရီးသည်များ တင်ဆောင်လာသော လေယာဉ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က ပစ်ခတ်ခဲ့ပြီး လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ကာ လေယာဉ်ပေါ် တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည် ဟု နစက၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့နောက် ဒဏ်ရာရရှိခဲ့သော ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့၍ ဆေးကုသမှု ပြုလုပ်ထားကြောင်း သိရသည်။

ခရီသည် လေယာဉ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး KNPP နှင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းများက တော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားသည်ကို စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီ ၅၅ မိနစ်အထိ မတွေ့ ရသေးပေ။

လက်ရှိ ကယားပြည်နယ်အတွင်းမှာ KNPP ၏ လက်အောက်ခံ ကရင်နီတပ်မတော်(KA) နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ PDF အဖွဲ့များ ပူးပေါင်း၍ မြန်မာ့တပ်မတော်အား တိုက်ခိုက်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ထောင်နှင့်ချီရှိသည်။