CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် KIA-PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခြင်းကြောင့် ဒေသခံ ၃၃၆ ဦးသည် နမ္မတူမြို့နယ်ရှိ ပုဗ္ဗါရုံဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာခဲ့ ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့(TSYU)က ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲရှောင်လာသူများတွင် ကျား ၁၂၇ ဦး၊ မ ၂၀၉ ဦးရှိသည့်အနက် မသန်စွမ်းသူ ၁၃ ဦး၊ ခြောက်လ အောက် ကလေးငယ် ၆ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ တို့ ပါဝင်ကြောင်း သိရသည်။

TSYU က တိုက်ပွဲရှောင်များကို ငွေကြေးထောက်ပံ့ (TSYU)

တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့က တိုက်ပွဲရှောင်များ အရေးပေါ်လိုအပ်နေသည့် အစားအသောက်၊ ဆေးဝါးနှင့် အခြား အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် ငွေကြေး ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်တွင် ဖော်ပြထားသည်။

ထို နမ္မတူမြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)လည်း လှုပ်ရှားလျက်ရှိ ကြောင်း သိရသည်။