CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်းဒေကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် မန့်စိမ်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၏ စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ၎င်း လက်အောက်ခံ PDF တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

SNA ၏ စခန်းငယ်တစ်ခုကို ဧပြီ ၁၇ ရက်က KIA၊ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းယူပြီးနောက် ပြန်ဆုတ်ခဲ့ ကြောင်း၊ SNA တပ်ဖွဲ့များလည်း လာရောက် အထိုင်ချခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “အဲဒါဖြစ်စဉ်ရှိပါတယ်၊ အတည်ပြုပြောလို့ ရပါတယ်။ ကြားရတာကတော့ ကျနော်တို့ဖက် က လာပစ်တဲ့ အချိန်မှာ SNA အဖွဲ့တွေကတော့ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းရပါတယ်။ ဆိုတော့ ပစ်မှတ် ထိခိုက် ဒဏ်ရာရတာက သတင်းတွေကတော့ ဒေတာတွေကတော့ အခုထိကတော့ ကျနော်တို့ဆီမှာ မရောက် သေးပါဘူး” ဟု ပြောသည်။

လက်ရှိတွင် ဆယ်ဇင်းကျေးရွာ အနီး၌ နှစ်ဖက် စစ်ရေး တင်းမာနေပြီး စောင့်ကြည့်နေသည့် အနေအထား ဖြစ် ကြောင်း ၎င်းက ပြောသည်။

KIA နဲ့ပူးပေါင်း တိုက်ပွဲ၀င်နေတဲ့ ဟုမ္မလင်းမြို့နယ်မှ HPDF-124 ကိုတွေ့ရစဉ်

KIA၊ PDF ပူးပေါင်းအဖွဲ့မှ SNA ရှေ့တန်း ကင်းစခန်းငယ်တစ်ခုကို လာရောက် ပစ်ခတ်မှုရှိကြောင်း၊ အနေအထား အသေးစိတ်ကို မသိရှိရသေးကြောင်း SNA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက CNI သတင်းဌာန သို့ ပြောသည်။

ထို့အတူ မြန်မာ့တပ်မတော်ဘက်က ဗန်းမောက်မြို့နယ်အတွင်း ထိုးစစ်ဆင်ထားသည့် တပ်များကို ပြန်မရုတ်သိမ်း သေးသည့်အတွက် တိုက်ပွဲဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၎င်းက “စစ်ကိုင်းတိုင်း ဘက်မှာကတော့ သိပ်ပြီးမှာ ကျနော်ကတော့ သတင်းကတော့ မရဘူး။ ဒါပေမဲ့ အဲဒီဖက်မှာ တော့ စစ်ကောင်စီဘက်က ထိုးထားတဲ့ စစ်ကြောင်းတွေလည်း ပြန်မရုတ်ဘူး။ ဆိုတော့ အခြေအနေက တိုက်ပွဲဖြစ် နိုင်တဲ့ အနေအထားဖြစ်ပါတယ် အဲဒီဖက်မှာကတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းကလည်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ SNA ၏ ရှေ့တန်း တပ်စခန်းတစ်ခုကို KIA၊ PDF တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

KIA-PDF-SNA တို့ကိုတွေ့ရစဉ်

SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် တို့တွင် လှုပ်ရှားလျက် ရှိသည်။

ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ဟုမ္မလင်းခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။