CNI International News

ဘေဂျင်း၊ ဧပြီ ၁၉

G-7 အဖွဲ့ဝင် နိုင်ငံများ၏ ဂျပန်ဆွေးနွေးပွဲအပြီး တရုတ်နိုင်ငံ၏ မူဝါဒများအပေါ် ဝေဖန်မှုသည် တရုတ်နိုင်ငံအား မလိုမုန်းတီး၍ သွားပုတ်လေလွင့်ပြောကာ အရှက်ခွဲမှုဖြစ်ကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် တုံ့ပြန် ပြောကြား ခဲ့သည်ဟု CNA သတင်းတွင် ဖော်ပြသည်။

G-7 နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးသည် တရုတ်နိုင်ငံ၏ တည်ကြည်၍ ဂုဏ်သိက္ခာရှိသော ရပ်တည် မှုနှင့် မှန်ကန်သော အရှိတရားအပေါ် အလေးမထားမှုဖြစ်ကြောင်း၊ တရုတ်၏ ပြည်တွင်းရေးကို ရုန်းရင်း ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ကာ သွားပုတ်လေလွင့် ပြောဆို အရှက်ခွဲမှုသာဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin) က သတင်းထောက်များကို ပြောခဲ့သည်။

G-7 သံတမန်များမှ ပူးတွဲ ထုတ်ပြန်ချက်ပါ ထိုင်ဝမ်၊ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်၊ ရှင်ကျန်း ဒေသနှင့် တိဗက်ဒေသတို့အပေါ် စိုးရိမ်ကြောင်း ပြောဆိုမှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဝမ်က အိမ်ရှင် ဂျပန်နိုင်ငံအား ထောက်ပြကာ ထုတ်ပြန်ချက်ကို ရှုတ်ချခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်သည် တရုတ်အား ဆန့်ကျင်၊ ဖိနှိပ်ရန်အတွက် အထက်စီးဆန် ဘက်လိုက်၍ မကောင်းသော ရည်ရွယ်ချက် ရှိနေသည်ဟု ဝမ်က ပြောသည်။

G-7 အဖွဲ့ကိုတွေ့ရစဉ်

တရုတ်အစိုးရအနေဖြင့် ထိုထုတ်ပြန်ချက်နှင့် ပတ်သက်သည့် မကျေနပ်မှု၊ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု တို့ကို လည်း ဂျပန်ကိုယ်စားလှယ်ထံသို့ ဖော်ပြခဲ့ပြီး ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

တရုတ်၏ ထိုင်ဝမ်အနီး သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုသည် မကြာသေးခင်က အဆုံးသတ်ခဲ့သည်။ ထိုလုပ်ရပ်က ထိုင်ဝမ်အား သိမ်းပိုက်ရန် ကြိုတင်ပြင်ဆင်မှု တစ်ခုအဖြစ် မှတ်ယူထားသည်။

တရုတ်နှင့် ထိုင်ဝမ်တို့သည် လွန်ခဲ့သော နှစ် ၇၀ ကျော်ခန့်မှ သီးခြားရပ်တည်နေသည့် နိုင်ငံများ ဖြစ်သော်လည်း တရုတ်အစိုးရသည် ထိုင်ဝမ်အား ၎င်းတို့ပိုင်အဖြစ် သတ်မှတ်ထားကာ လိုအပ်ပါက ထိုင်ဝမ်အား အင်အားသုံး သိမ်းပိုက်သွားမည်ဟုလည်း ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်ဝမ်သည် ငြင်းဆို၍မရသော တရုတ်ပိုင်နက် တစ်ခုဖြစ်ကာ တရုတ်တစ်နိုင်ငံတည်း မူဝါဒသာလျှင် ထိုင်ဝမ် ရေလက်ကြား၏ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အားထားရာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တ ကယ် ထိန်းသိမ်းရန်အတွက် ထိုင်ဝမ်လွှတ်လပ်ရေးဆီသို့ ဦးတည်သော လုပ်ဆောင်မှုတိုင်းကို ဆန့်ကျင်၊ အဆုံး သတ်ရမည်ဖြစ်ကြောင်း ဝမ်က ပြောသည်။

Taiwan ကိုတွေ့ရစဉ်

ဟောင်ကောင်၊ ရှင်ကျန်း၊ တိဗက်ဒေသတို့နှင့် ပတ်သက်၍လည်း ထိုအကြောင်းအရာများသည် တရုတ်၏ ပြည် တွင်းရေးနှင့် လုံးဝသက်ဆိုင်သည့် အကြောင်းအရာများသာ ဖြစ်ကြောင်း၊ တရုတ်အစိုးရအနေဖြင့် ပြည်တွင်းရေး အပေါ် ဝင်ရောက်စွက်ဖက်မှု ပုံစံတိုင်းကို လုံးဝ လက်ခံသွားမည် မဟုတ်ကြောင်းလည်း ဝမ်က ပြောသည်။

အရှေ့နှင့်တောင်တရုတ် ပင်လယ်တို့မှ အခြေအနေများသည်လည်း လုံးဝ တည်ငြိမ်နေသည့် အနေအထားတွင် ရှိနေသည်ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

Source: CNA