CNI International News

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄

တရုတ်နိုင်ငံ စူကျိုး (Suzhou) မြို့ရှိ အဝေးပြေးလမ်းပေါ်တွင် နှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် ကားများ လမ်းချော်ပြီး ကားအစီးရေ ၁၀၀ ကျော် ဆင့်ကဲ တိုက်မိခဲ့သဖြင့် လူအချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံပိုင် CCTV ရုပ်သံ၏ ဖော်ပြချက်တွင် ကားများ အစုလိုက်အပြုံလိုက် တိုက်မိနေသည့် မြင်ကွင်းများနှင့် မှန်ကွဲစများ၊ အပျက်အစီး အပိုင်းအစများကို မြင်တွေ့ရသည်။

ထိုမတော်တဆမှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတင်ထားရပြီး လူ ၆ ဦးမှာ အသေးစား ပွန်းပဲ့ဒဏ်ရာ များ ရရှိခဲ့သည်ဟု စူကျိုးမြို့ စက်မှုဥယျာဉ် ယာဉ်ထိန်းရဲအဖွဲ့က ၎င်းတို့၏ WeChat လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့ သည်။

ယာဉ်လမ်းကြောင်းများကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ နေရာဒေသ အများအပြားတွင် အအေးလှိုင်း ကျရောက်ခဲ့ပြီး လမ်းများပေါ်တွင် ဆီးနှင်းများ ကျရောက်ခဲ့ကာ တရုတ်နှစ်သစ်ကူး အားလပ်ရက် ကာလအတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည့် သန်းနှင့်ချီသော တရုတ်နိုင်ငံသားများအတွက် သက်ယူပို့ဆောင် ရေးကဏ္ဍကို ထိခိုက်စေခဲ့သည်။

ယခုသီတင်းပတ်အတွင်း တရုတ်အစိုးရသည် အပူချိန်များ ဆိုးရွားစွာ ကျဆင်းမှုအတွက် တုန့်ပြန်ဆောင်ရွက်ရန် အရေးပေါ် အစီအစဉ်များကို လုပ်ဆောင်ခဲ့ပြီး ဘေကျင်း (Beijing) ၊ ဟီပေ (Hebei) ၊ ရှန်းရှီ (Shanxi) ၊ အန်ဟွေ (Anhui) နှင့် ဟူပေ (Hubei) မြို့များ အပါအဝင် အခြားမြို့များနှင့် ပြည်နယ်များတွင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေရန် အစီအစဉ်များ၊ ကူညီထောက်ပံ့မှုများနှင့် လျှပ်စစ်ဓာတ်အား ရရှိစေရန် အစီအစဉ်များ ကို စတင်လုပ်ဆောင်ခဲ့သည်။

တရုတ် မိုးလေဝသ အုပ်ချုပ်ရေးအဖွဲ့ကလည်း အလွန်အေးခဲသည့် ရာသီဥတု အခြေအနေအတွက် သတိပေး နှိုးဆော်မှုကို တိုးမြှင့်ထားပြီး နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် အပူချိန်များ ကျဆင်းနိုင်ကြောင်း သတိပေးထားသည်။

VariFlight ဝက်ဘ်ဆိုက်၏ မိုးလေဝသ သတိပေးချက် မှတ်တမ်းတွင် နိုင်ငံအတွင်းရှိ လေဆိပ် ၂၆၀ ကျော်အနက် ၃၄ ခု၌ မီးခိုးမြူများနှင့် ဆီးနှင်းများ ကျရောက်သည့် သတိပေးချက်ကို ထုတ်ပြန်ထားသည်ဟု CCTV က ထုတ်ပြန် ခဲ့သည်။

Source: ဘန်ကောက်ပို့စ်