CNI International News

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၅

ယူအေအီးနိုင်ငံ၊ ဒူဘိုင်း (Dubai) တွင် COP28 ရာသီဥတုညီလာခံ ကျင်းပနေချိန်တွင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၏ အန္တရာယ်များကို အလေးထားဖော်ပြရန် ထောင်နှင့််ချီသည့် လူများသည် ဒီဇင်ဘာ ၃ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် (Brussels) မြို့တော်၌ ချီတက်ဆန္ဒပြခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဆန္ဒပြသူများ ကိုင်ဆောင်ထားသည့် လက်ကိုင်ပိုစတာတစ်ခုတွင် "ကျနော်တို့ရဲ့ ကမ္ဘာကြီးကို ကျနော်တို့ ကယ်တင်ရပါမယ်။ ဘီယာက ကမ္ဘာပေါ်မှာပဲ ရှိတာပါ" ဟု ရေးသားထားသည်ကို မြင်တွေ့ရသည်။

ဒူဘိုင်းမြို့မှာ ကျင်းပနေတဲ့ ရာသီဉတုအရေး ညီလာခံကို တွေ့ရစဉ်

ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုကို တန်ပြန်ရန် ပိုမိုခိုင်မာသည့် စီမံချက်များ လုပ်ဆောင်ရေးအတွက်လည်း ရာသီဥတုအရေး ညွန့်ပေါင်းအဖွဲ့ (Climate Coalition) ၏ တက်ကြွလှုပ်ရှားသူများက နိုင်ငံရေးသမားများကို တိုက်တွန်းခဲ့သည်။

လုခ် ဒါနက်ဇ် (Luc Durnez) အမည်ရှိ ဆန္ဒပြသူတစ်ဦးကမူ ဘယ်လ်ဂျီယံအစိုးရသည် ရာသီဥတု ဖောက်ပြန် ပြောင်းလဲရေးကို တားဆီးရန် အစီအစဉ်မရှိဘဲ ရာသီဥတုညီလာခံသို့ တက်ရောက်မှုသည် ရှက်စရာကောင်း သည်ဟု ပြောကြားခဲ့သည်။ 

 COP28 ရာသီဥတုညီလာခံကို တွေ့ရစဉ်

ကမ္ဘာကြီးပူနွေးလာမှုကို စက်မှုမတိုင်မီ ခေတ်ကာလကနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် (၂ ဒသမ ၇ ဒီဂရီ ဖာရင်ဟိုက်) တွင် ရှိစေရန် လာမည့် ၇ နှစ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse gas) ထုတ်လွှတ် မှုများကို ထက်ဝက်လျှော့ချရန် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များက ဆွေးနွေး လျက် ရှိသည်။

သို့သော်လည်း ဘရပ်ဆဲလ်မြို့တော်တွင် ချီတက်ဆန္ဒပြသူများကမူ ဥရောပသည် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကို တားဆီးရန် လုံလောက်သည့် အစီအမံများ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Source: အေပီ