CNI International News

ဘီလမ်၊ နိုဝင်ဘာ ၁၇

ဘရာဇီးလ်နိုင်ငံ၊ ဘီလမ် (Belem) မြို့တွင် ကုလသမဂ္ဂ၏ COP30 ရာသီဥတုညီလာခံ ကျင်းပနေချိန်တွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများက ထိုမြို့တွင် လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြကြောင်း DW သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုဆန္ဒပြမှုကို "ကြီးမားသည့် လူထုချီတက်ပွဲ" (Great People's March) ဟု ဆန္ဒပြပွဲ စီစဉ်သူများက အမည် ပေးထားသည်။

ယခုသီတင်းပတ် အစောပိုင်းက COP30 ညီလာခံကို အနှောင့်အယှက် ဖြစ်စေခဲ့သည့် တိုင်းရင်းသားများ ဦးဆောင်သော ဆန္ဒပြမှု ၂ ခု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ လူအများအပြား ပါဝင်သည့် ချီတက်ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက်က ဆန္ဒပြသူများသည် မြို့အတွင်း ၄ ဒသမ ၅ ကီလိုမီတာ (၂ ဒသမ ၈) မိုင်ကို ချီတက်ဆန္ဒပြခဲ့ ကြသည်။

သဘာာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများနှင့်အတူ တိုင်းရင်းသားများကလည်း ပူးပေါင်းပါဝင်ကာ လက်ကိုင် ပိုစတာများကို ကိုင်မြှောက်ပြီး ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ဘရာဇီးလ်မှာ ဆန္ဒပြနေကြစဉ်

ကုလသမဂ္ဂ၏ နှစ်စဉ် ကျင်းပနေကျ ရာသီဥတုညီလာခံတွင် ယခုကဲ့သို့ လူအများအပြား ပါဝင်သည့် ဆန္ဒပြမှုသည် လွန်ခဲ့သည့် ၄ နှစ်က ဂလက်စ်ဂေါ (Glasgow) မြို့တွင် ပြုလုပ်ခဲ့သော COP26 ညီလာခံ၌ နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းသဖြင့် ယခုအကြိမ် ဆန္ဒပြမှုသည် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလရာသီဥတု ညီလာခံ တွင် လူအများအပြား ပါဝင်သည့် ဆန္ဒပြမှုဖြစ်သည်။

ယခုနှစ် မတိုင်မီ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ရာသီဥတုညီလာခံ ၃ ခုကို အီဂျစ်၊ ဒူဘိုင်းနှင့် အဇာဘိုင်ဂျန်နိုင်ငံ များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနိုင်ငံများ၌ ညီလာခံ ကာလအတွင်း ဆန္ဒပြမှုများကို တင်းကျပ်စွာ တားမြစ်ထား ခဲ့သည်။

COP30 ညီလာခံကို ဘီလင်မြို့တွင် နိုဝင်ဘာ ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများကမူ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရာ၌ တိုးတက်မှုအချို့ ရှိလာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

Source: DW