CNI International News

ဂျာကာတာ၊ ဧပြီ ၁

အင်ဒိုနီးရှားတွင် စက်သုံးဆီများကို နေ့စဉ်ဝယ်ယူခွင့် ကန့်သတ်ချက်များဖြင့် ခွဲတမ်းစနစ် ကျင့်သုံးရန် စဉ်းစား နေကြောင်း အစိုးရက ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အကျပ်အတည်းကြောင့် နိုင်ငံတော် ဘတ်ဂျက်အပေါ် ရိုက်ခတ်မှုများကို ထိန်းချုပ်နိုင်ရန် အတွက် အစိုးရ ထောက်ပံ့ကြေး ပေးထားသော စက်သုံးစီများကို ကားအမျိုးအစားအလိုက် ခွဲတမ်းဖြင့် ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်။

အစိုးရ၏ အစီအစဉ်များအရ အင်ဂျင်ပါဝါ ၁၄၀၀ cc နှင့်အထက်ရှိသော ဓာတ်ဆီသုံး ကိုယ်ပိုင်ကားများ၊ အင်ဂျင် ပါဝါ ၂၀၀၀ cc နှင့်အထက်ရှိသော ဒီဇယ်ဆီသုံး ကိုယ်ပိုင်ကားများနှင့် အင်ဂျင်ပါဝါ ၂၅၀ cc နှင့်အထက် ရှိသော အင်ဂျင်ပါဝါမြင့် ဆိုင်ကယ်များသည် ဈေးနှုန်းချိုသာသည့် ဓာတ်ဆီနှင့် ဒီဇယ်တို့ကို ဝယ်ယူခွင့် ရရှိဖွယ်မရှိပေ။

ထို့ပြင် အင်ဂျင်ပါဝါ မည်မျှပင်ရှိစေကာမူ ဈေးနှုန်းမြင့်မားသော ဇိမ်ခံကား အမျိုးအစားအားလုံးကို အစိုးရက ထောက်ပံ့ကြေး ပေးထားသော ဆီဝယ်ယူခွင့် စာရင်းမှ လုံးဝ ပယ်ဖျက်ခံရဖွယ်ရှိသည်။

စက်သုံးဆီဆိုင်ကို တွေ့ရစဉ်

ထိုခွဲတမ်းစနစ်ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် My Pertamina အမည်ရှိ ဝက်ဘ်ဆိုက်ကို အသုံးပြုသွားမည်ဖြစ်သည်။

ယာဉ်ပိုင်ရှင်များသည် ၎င်းတို့၏ ယာဉ်မှတ်ပုံတင်နှင့် အင်ဂျင်ပါဝါ အချက်အလက်များကို ထိုဝက်ဘ်ဆိုက်တွင် ကြိုတင် စာရင်းသွင်းရမည်ဖြစ်ပြီး ဆီဆိုင်များ၌ QR Code ပြသမှသာ သတ်မှတ်ထားသော နေ့စဉ်ခွဲတမ်းအတိုင်း ဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။  

ကန့်သတ်ချက်အတွင်း အကျုံးဝင်သော်လည်း ဆီဝယ်ယူခွင့်ရှိသည့် ယာဉ်များအတွက် တစ်နေ့တာ အများဆုံး ဝယ်ယူနိုင်သည့် ပမာဏမှာ ကိုယ်ပိုင်ကားငယ်များအတွက် တစ်နေ့လျှင် လီတာ ၄၀ မှ ၆၀ ခန့်၊ အများပြည်သူသုံး ယာဉ်များအတွက် တစ်နေ့လျှင် လီတာ ၈၀ ခန့် သတ်မှတ်ရန် စဉ်းစားနေသည်ဟု ဆိုသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်နေသဖြင့် အခြား အရှေ့တောင် အာရှနိုင်ငံများကလည်း အလားတူ လောင်စာဆီ ထိန်းချုပ်မှုများကို လုပ်ဆောင်လာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ထားကြသည်။

Source: Nikkei Asia