CNI International News

မော်စကို၊ ဧပြီ ၁၉

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ၎င်းတို့ကျူးကျော်ထားသော ယူကရိန်းရှိဒေသနှစ်ခုမှ ရုရှားတပ်မှူးများနှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

တဖက်တွင်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး (Volodymyr Zelenskiy) သည် နိုင်ငံအရှေ့ပိုင်းရှိ ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံခဲ့ကာ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အကျဉ်းရုံး ပြောဆို ခဲ့သည်ဟု ယူကရိန်းသမ္မတရုံးမှ ထုတ်ပြန်သည်။

ရုရှားသမ္မတရုံးမှ ထုတ်ပြန်ချက်တွင် ပူတင်သည် တနင်္လာနေ့က ယူကရိန်းတောင်ပိုင်း ခါဆွန် (Kherson) ဒေသမှ စစ်ဘက်ညွှန်ကြားရေးအစည်းအဝေးတစ်ခုသို့ တက်ရောက်ခဲ့ကာ အရှေ့ပိုင်း လူဟန့်ခ် (Luhansk)ဒေသရှိ အမျိုးသားအစောင့်တပ်ဖွဲ့ရုံးချုပ်သို့လည်း သွားရောက်ခဲ့သည်ဟု သိရသည်။ ပူတင်သည် တောင်ပိုင်းရှိ ခါဆွန်နှင့် ဇာပိုရေးဇီးယား (Zaporizhzhia) တို့ရှိ အခြေအနေများနှင့်ပတ်သက်၍ ရုရှားတပ်မှူးများ၏ အစီရင်ခံမှုများကို နားထောင်ခဲ့သည်။

လုံခြုံရေးအရ ကြိုတင်ပြင်ဆင်မှုများအဖြစ် ယခုခရီးစဉ်သို့ ရုရှားကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့ လိုက်ပါ ခဲ့ခြင်းမရှိကြောင်းလည်း ကရင်မလင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပူတင်၏ခရီးစဉ်အပေါ် ယူကရိန်း သမ္မတအကြံပေးတစ်ဦးဖြစ်သူက နောက်လိုက်များ၏ ရာဇဝတ်မှုများကို ကြည့်ရှုခံစားရန်အတွက် အစုလိုက် အပြုံ လိုက် လူသတ်မှုတရားခံ၏ သိမ်းပိုက်ခံထားရသော၊ ပျက်စီးနေသောဒေသများသို့ နောက်ဆုံးအထူးခရီးစဉ် ဟု တွစ်တာတွင် ရေးသားလှောင်ပြောင်ခဲ့သည်။

ရုရှားထိန်းချုပ်ထားသော ယူကရိန်းနိုင်ငံ Kherson ဒေသရှိ "Dnieper" တပ်ဌာနချုပ်သို့ သွားရောက် လည်ပတ်  စဉ် Dnieper တပ်ဖွဲ့၏တပ်မှူးမှ ရုရှားသမ္မတ ပူတင်အား အလေးပြုနှုတ်ဆက်စဉ်(ဓါတ်ပုံ-ရိုက်တာ)

ရုရှားတပ်များသည် ၎င်းတို့သိမ်းပိုက်ထားရာ ယူကရိန်းနယ်မြေများတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ယူကရိန်းနှင့်အနောက်အုပ်စုတို့က စွပ်စွဲထားသော်လည်း ရုရှားဘက်က ငြင်းဆိုသည်။ ခါဆွန်၊ ဇာပိုရေးဇီးယား၊ လူဟန့်ခ် နှင့် ဒွန်းနက်ခ်ဒေသတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ လူထူဆန္ဒခံယူပွဲပြီးနောက် ရုရှားတို့ သိမ်းပိုက်ခဲ့ သည့်ဒေသလေးခုဖြစ်ပြီး ထို ဆန္ဒခံယူပွဲကိုအတုအယောင်ဟု ယူကရိန်းဘက်က ပြောသည်။ ယင်းဒေသများတွင် ရုရှားတပ်များသည် အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းလည်း မရှိသေးပေ။

ရုရှားတပ်ဖွဲ့များသည် ခါဆွန်မြို့မှ ပြီးခဲ့သည့်နိုဝင်ဘာလတွင် ဆုတ်ခွာခဲ့ရပြီး ယူကရိန်း၏ နွေဦးထိုးစစ်ဆင်မှုများ အပေါ် ကြိုတင်ပြင်ဆင်ထားမှုအနေဖြင့် တစ်ဖက်ရှိ ဒီနီပရို (Dnipro) မြစ်ကမ်းတွင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ထားသည်။

ယူကရိန်းကျူးကျော်စစ်ဖြစ်ပွားပြီး ၁၄ လကြာချိန်တွင် အနောက်အုပ်စုခေါင်းဆောင်များစွာက ကိယက်ဗ်(Kyiv) သို့ လာကာ ဇာလန်းစကီးနှင့်တွေ့ဆုံခဲ့သော်လည်း ပူတင်အနေဖြင့် ရုရှားတို့ ထိန်းချုပ်ထားသော ယူကရိန်း နယ်မြေများသို့ သွားရောက်မှုနည်းပါးခဲ့သည်။ ပြီးခဲ့သည့်လတွင် ပူတင်သည် ခရိုင်းမီးယား (Crimea) နှင့် ဒွန်းနက်ခ် (Donetsk) ဒေသရှိ မာရီယူပေါလ် (Mariupol) မြို့သို့ သွားရောက်လည်ပတ်ခဲ့သည်။

Source:Reuters