CNI International News

ခါတွမ်၊ ဧပြီ ၁၉

ဆူဒန်နိုင်ငံအတွင်းမှာ ဗိုလ်ချုပ်ကြီး နှစ်ဦးကြား သဘောထားကွဲလွဲမှုကနေ ဖြစ်ပေါ်လာသော တိုက်ပွဲများကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိလာခဲ့ပြီးဖြစ်သလို အပစ်အခတ်ရပ်စဲရေး အခြေအနေမှာလည်း မျှော်လင့်ချက် နည်းပါးနေ ကြောင်း သိရသည်။

အပြင်းအထန် ပစ်ခတ်တိုက်ခတ်မှုများ၊ စစ်လေယာဉ်များ၏ အသံများက မကြာမီ စတင်တော့မည့် ဆူဒန်နိုင်ငံ၏ အပစ်အခတ်ရပ်စဲရေး အစီအစဉ်နှင့် ပတ်သက်သည့် မျှော်လင့်ချက်များကို ပျက်စီးစေလျက်ရှိသည်ဟု ဘီဘီစီ အင်္ဂလိပ်သတင်းတွင် ဖော်ပြသည်။

ဆူဒန်မြို့တော် ခါတွမ် (Khartoum) မြို့ လေဆိပ်အနီး စစ်ဌာနချုပ်များ တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။

ထိုနေရာ၏ ပတ်ပတ်လည်တွင် လူနေဧရိယာများ ရှိသည်။ ရန်ဘက် ဗိုလ်ချုပ်ကြီးနှစ်ဦး၏ တိုင်းပြည်အား ထိန်းချုပ်ရန် အားပြိုင်မှုကြောင့် စနေနေ့တွင် တိုက်ပွဲများ စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

လူနေထူထပ်သော ဧရိယာများ၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် တင့်ကားများ၊ အမြောက်များအပြင် တခြား သော လက်နက်ကြီးများကို အသုံးပြုလျက်ရှိပြီး စစ်လေယာဉ်များနှင့် လေယာဉ်ပစ် အမြောက်များပါ ပါဝင်မှု ကြောင့် သုံးရက်အတွင်း သေဆုံးသူ အရေအတွက်မှာ ၂၀၀ ကျော်ခဲ့ပြီလည်း ဖြစ်သည်။

ဆူဒန်နိုင်ငံအတွင်း တိုက်ပွဲများ ဖြစ်ပွားနေစဉ်

မြို့တော်နှင့် တခြားသော ဒေသများရှိ လမ်းမများပေါ်မှ တိုက်ပွဲများကြောင့် ပြည်သူများစွာသည် ၎င်းတို့နေအိမ် သို့မဟုတ် ပုန်းခိုရာဒေသများတွင် ပိတ်မိလျက်ရှိပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အတွက် ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရန် ဗိုလ်ချုပ်ကြီး နှစ်ဦးအကြား သဘောတူညီချက် ရရှိခဲ့သည်ဟုလည်း သိရသည်။

ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများစွာသည် အစားအစာ၊ ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

ခါတွမ်နှင့် တခြားသော နေရာများ အပါအဝင် ဆူဒန်ရှိ တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားနေကာ တိုက်ခိုက်မှု များ ရပ်တန့်သွားမည့် အရိပ်အယောင် မမြင်တွေ့ရဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် (Antonio Guterres) ၏ ပြောခွင့်ရပုဂ္ဂိုလ်က အင်္ဂါနေ့တွင် ပြောသည်။

နောက်လာမည့် ၂၄ နာရီအတွင်း တိုက်ခိုက်မှုများ ရပ်တန့်သွားလျှင်ပင် ယင်းက အကူအညီ လိုအပ်နေသော အရပ် သားများကို ကူညီပေးရေးအတွက် လုံလောက်မှု ရှိနိုင်ဖွယ် မရှိပေ။

တိုက်ပွဲများကြောင့် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များသည်လည်း ပြိုလဲတော့မည့် အခြေအနေတွင် ရှိနေသည်ဟု ကြက်ခြေနီအဖွဲ့က ပြောသည်။ ဒေသခံ ၁၀ သန်းခန့်ရှိသော ခါတွမ်မြို့ရှိ နေအိမ်များတွင် ပိတ်မိနေ သူများထံမှ အကူအညီ တောင်းခံမှုများစွာ ရရှိထားသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောသည်။

ဆူဒန် စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးကိုတွေ့ရစဉ်

ထို့နောက် ဒေသခံအများစု အနေဖြင့် လျှပ်စစ်မီး မရှိသော အခြေအနေကို ခက်ခဲစွာ ရင်ဆိုင်နေရသည်။

ဒါဖာဒေသ (Darfur) အပါအဝင် တစ်နိုင်ငံလုံးနီးပါးတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများ၌ လူသားချင်း စာနာမှု ဆိုင်ရာ ဝန်ထမ်များပါ အကြမ်းဖက် တိုက်ခိုက်မှု၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ထိုသတင်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့မှ သတိပေးမှု ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုများသည် ဆူဒန် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတက်ရှ် အယ်လ်ဘာဟာ (Abdel Fattah al-Burhan)ကို သစ္စာခံသော တပ်ဖွဲ့များနှင့် ဆူဒန်ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန်ဒါဂါလို (Mohamed Hamdan Dagalo) တို့၏ နာမည်ဆိုးဖြင့် ကျော်ကြားသော RSF အဖွဲ့တို့အကြား ဖြစ်ပွားနေခြင်းဖြစ်သည်။

Source: BBC