CNI International News

ကာရိုင်ဇာဝါ၊ ဧပြီ ၁၈

တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့၏ ရန်လိုမှုများကို G-7 ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

တရုတ်၏ ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှု၊ မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးကျည်များ စမ်းသပ်မှုတို့ အပေါ် ပြင်းထန်စွာ တုံ့ပြန်ရန်၊ ယူကရိန်းအတွက် ကူညီမှုများကို မြှင့်တင် ဆောင်ရွက်သွားရန်၊ ရုရှား၏ ကျူးကျော်မှု အတွက် အပြစ်ပေးရန် G-7 ကိုယ်စားလှယ်များက ကတိပြုခဲ့ကြသည်ဟု အေပီက ရေးသားဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံ အားလပ်ရက် အပန်းဖြေ စခန်းမြို့တွင် ကျင်းပခဲ့သော တနင်္လာနေ့ အစည်းအဝေးကို ရုရှား၏ ယူကရိန်း ကျူးကျော်စစ် အကြောင်းအရာများက အဓိက စိုးမိုးထားခဲ့သည်။

ထိုအခြေအနေက လာမည့် ဟီရိုရှီးမား (Hiroshima) မြို့တွင် ကျင်းပမည့် G-7 ခေါင်းဆောင်များ အစည်းအဝေး အတွက် လုပ်ငန်းစဉ်များကိုလည်း လမ်းပွင့်စေခဲ့သည်။

ယူကရိန်းအရေးကြောင့် ကမ္ဘာကြီးသည် အလှည့်အပြောင်း ကာလတစ်ခုသို့ ရောက်နေကြောင်း၊ စစ်အင်အား အ သုံးပြုမှု၊ ရုရှား၏ ယူကရိန်းအပေါ် ရန်လိုမှုများနှင့် နျူကလီးယား လက်နက်သုံးရန် ခြိမ်းခြောက်မှုများကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ (Yoshimasa Hayashi) ပြောခဲ့ ကြောင်း ဂျပန်ဘက်က ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြထားသည်။

ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ်

အမေရိကန် ကိုယ်စားလှယ်အဖွဲ့အတွက် ယခု အစည်းအဝေးသည် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုအား တုံ့ပြန်ရန်နှင့် တရုတ်နှင့် ကူးလူး ဆက်ဆံရန် အရေးပါသည့် အချိန်အခါတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုအကြောင်းအရာ နှစ်ခုကို ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ ဂျာမနီနှင့်အီတလီ စသော G-7 အဖွဲ့ဝင် ၇ နိုင်ငံမှ ဝန်ကြီးများက ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်း စည်းမျဉ်း၊ စည်းကမ်းကို အခြေခံသည့် နိုင်ငံတကာ သမ္မာစဉ်အား ခြိမ်းခြောက်မှု နှစ်ခုအဖြစ်လည်း သတ်မှတ်ထားသည်။

ယခု အစည်းအဝေးနှင့် ပတ်သက်၍ အမေရိကန် အစိုးရ၏ ရည်ရွယ်ချက်မှာ ယူကရိန်းအား ကူညီထောက်ပံ့မှုများ ဆက်လက် လုပ်ဆောင်သွားရန်၊ ယူကရိန်းသို့ စစ်ရေး အကူအညီများ ဆက်ပေးသွားရန် ဖြစ်သည်ဟု အစည်း အဝေးသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ တက်ရောက်ခဲ့သည့် အရာရှိတစ်ဦးက ပြောသည်။

ရုရှားသို့ စီးပွားရေး၊ ဘဏ္ဍာရေး စသော ပိတ်ဆို့ အရေးယူမှုများဖြင့် ပြစ်ဒဏ် ပေးရေးသည်လည်း အမေရိကန် အစိုးရဘက်မှ ဦးစားပေး လုပ်ဆောင်သွားမည့် အရာဖြစ်သည်။

ရှီကျင့်ဖျင်နဲ့ ကင်မ်ကိုတွေ့ရစဉ်

ဂျပန်သည် G-7 အဖွဲ့၏ တစ်ခုတည်းသော အာရှအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ယခုနှစ် အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးရန် ထောက်ပံ့ပေးခဲ့သည်။

အဖွဲ့ဝင် ခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးများသည် ယူကရိန်း၊ မြောက်ကိုရီးယားနှင့် ထိုင်ဝမ်အရေးတို့ အပါအဝင် အကြောင်းအရာ များစွာတွင် တရုတ်၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟုလည်း ခန့်မှန်းရသည်။

တနင်္ဂနွေနေ့ညတွင် ပြုလုပ်ခဲ့သော သီးသန့် ညစာစားပွဲ တစ်ခု၌ တရုတ်၏ ပါဝင်မှုက အရေးကြီးသည်ဟု သတ်မှတ်၍ရသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများတွင် တရုတ်နှင့် ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် သွားရန် ဟာယာရှီက တိုက်တွန်းခဲ့သည်ဟုလည်း သိရသည်။

Source: AP