CNI International News

တိုင်ပေ၊ ဧပြီ ၁၈

အမေရိကန်စစ်သင်္ဘော USS Milius သည် တနင်္ဂနွေနေ့တွင် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခုတ် မောင်း သွားခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြသည်။

ထိုသို့ ဖြတ်သန်းခြင်းသည် အမေရိကန်ဘက်က ပုံမှန်ပြုလုပ်နေကြ အကူးအပြောင်း သွားလာမှုဟု ပြောသည်။

အဆိုပါဖြစ်စဉ်သည် တရုတ်၏ ထိုင်ဝမ်ကျွန်းအနီး နောက်ဆုံး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး ရက်အနည်းငယ် အကြာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်အား ၎င်းတို့ပိုင်အဖြစ် ရှုမြင်ထားသည်။ တရုတ်သည် ထိုင်ဝမ်အနီး သုံးရက်ကြာ စစ်ရေး လေ့ကျင့်မှုကို တနင်္လာနေ့တွင် တရားဝင် အဆုံးသတ်ခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ကျွန်းအား တိုက်ခိုက်ခြင်းနှင့် ပိတ်ဆို့ခြင်းတို့ လုပ်ဆောင်ရန် လေ့ကျင့်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) က အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက္ကာသီ (Kevin McCarthy) နှင့် တွေ့ဆုံခဲ့မှုအပေါ် ဒေါသထွက်ကြောင်း ပြသမှုအဖြစ် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီကို တွေ့ရစဉ်

ထိုသို့ တွေ့ဆုံမှုက တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် အမေရိကန်အနေဖြင့် ထိုင်ဝမ်၏ တရုတ်ပြည်မှ ခွဲထွက်ရေးကို ထောက်ခံခြင်းအဖြစ် ရှုမြင်ထားခြင်းကြောင့် ဖြစ်သည်။

USS Milius သင်္ဘောသည် လွတ်လပ်စွာ သွားလာခွင့်ရှိသော ရေပြင်တွင် နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိုင်ဝမ် ရေလက်ကြားသို့ ပုံမှန်ကူးပြောင်း သွားလာမှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်၏ အမှတ် ၇ ရေတပ် သင်္ဘော အုပ်စုက ပြောသည်။

ထိုသို့ သွားလာမှုက အမေရိကန်၏ လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ ပေးထားသော ကတိကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း ပြောသည်။

အမေရိကန် ဖျက်သင်္ဘော၏ သွားလာရေး လမ်းကြောင်း တစ်လျှောက် စောင့်ကြည့်လိုက်ပါရန် တပ်ဖွဲ့များကို စုစည်း စေလွှတ်ခဲ့သည်ဟု တရုတ်၏ အရှေ့ဘက် စစ်ဌာနချုပ်က တနင်္လာနေ့တွင် လူမှုကွန်ယက်၌ ရေးသား ဖော်ပြခဲ့သည်။

ဖျက်သင်္ဘောသည် ရေလက်ကြား တစ်လျှောက် မြောက်စူးစူးသို့ ဦးတည် ခုတ်မောင်းခဲ့ကာ ယင်းက ပုံမှန် သွားလာ နေကြ အခြေအနေ တစ်ရပ် ဖြစ်သည်ဟုလည်း ထိုင်ဝမ် ကာကွယ်ရေးဌာနက ပြောသည်။

အမေရိကန် ရေတပ်သင်္ဘောများသည် ထိုင်ဝမ်ရေလက်ကြားသို့ တစ်လတစ်ခါ ဖြတ်သန်း သွားလာလေ့ရှိကာ အငြင်းပွားနေသော တောင်တရုတ် ပင်လယ်ပြင်တွင်လည်း ထိုသို့သော လွတ်လပ်စွာ သွားလာခွင့်ကို ပုံမှန်ကျင့်သုံး လေ့ရှိသည်။

ထိုင်ဝမ်လက်နက်ကိုင်တပ်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်တွင် USS Milius သင်္ဘောသည် တောင်တရုတ် ပင်လယ်အတွင်းရှိ အရေးပါဆုံး လူလုပ် ကျွန်းနှင့် တရုတ်ဘက်မှ ထိန်းချုပ်ထားသော ကျွန်းများမှ တစ်ခုဖြစ်သော Mischief ကျောက်တန်းအနီးသို့ ခုတ်မောင်းခဲ့သည်။

ထိုဖြတ်သန်းမှုသည် တရားမဝင် လုပ်ရပ်ဟု တရုတ်ဘက်က ပြောသည်။ တရုတ်သည် စစ်ရေး လေ့ကျင့်မှု အဆုံးသတ် သွားသည့်တိုင် ထိုင်ဝမ်အနီးတွင် အသေးစား စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၄ နာရီကြာ ကာလအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၁၈ စင်းနှင့် စစ်သင်္ဘော လေးစင်း သွားလာနေမှုကို တွေ့ရှိခဲ့သည်ဟုလည်း ထိုင်ဝမ်ကာကွယ်ရေးဌာနက တနင်္လာနေ့ မနက်တွင် ထုတ်ပြန် သည်။

Source: ရိုက်တာ