CNI International News

စတော့ဟုမ်း၊ ဧပြီ ၁၈

၂၅ နှစ်တာကာလအတွင်း အကြီးမားဆုံးဖြစ်သော Aurora-23 နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုကို ဆွီဒင်နိုင်ငံ၌ တနင်္လာနေ့တွင် စတင်ခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြသည်။

လေ့ကျင့်မှုသည် မေလ ၁၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကာ ယင်းတွင် အမေရိကန်၊ ဗြိတိန်၊ ဖင်လန်၊ ပိုလန်၊ နော်ဝေး၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ယူကရိန်း၊ ဒိန်းမတ်၊ သြစတြီးယား၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့ ပါဝင်မည်ဟု ဆွီဒင်ကာကွယ်ရေးဌာနက ပြောသည်။ စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ဆွီဒင် နိုင်ငံအား တိုက်ခိုက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေမှုကို မြှင့်တင်သွားရန်ဖြစ်သည်။

ယခုလေ့ကျင့်မှုသည် တိုက်ခိုက်ရန်အဆင်သင့် ဖြစ်နေမှုအား မြှင့်တင်ရန်၊ စမ်းသပ်ရန်၊ သရုပ်ပြရန်အတွက် အရေးပါသောအရာများမှ တစ်ခုဖြစ်သည်ဟု ဆွီဒင်ဝန်ကြီးဌာနက ပြောသည်။ မိတ်ဖက်နိုင်ငံများမှ တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ဆွီဒင်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ခြင်းဖြင့် လုံခြုံရေးကို တိုးမြှင့်နိုင်သည်ဟုလည်း ပြောသည်။

 Aurora-23 နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှု သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်(ဓါတ်ပုံ-Pontus Lundahl/TT/picture alliance)

စစ်ရေးလေ့ကျင့်မှုကို ကြည်း၊ရေ၊လေ သုံးမျိုးစလုံးဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ နိုင်ငံပေါင်းစုံမှ တပ်ဖွဲ့ဝင် ၂၆၀၀၀ ခန့်က ဆွီဒင်တောင်ပိုင်းနှင့် ဂေါ့လန်း (Gotland) ကျွန်းတို့တွင် လေ့ကျင့်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် တခြားသော လေယာဉ်များ သည် စစ်စခန်းများနှင့် အရပ်ဘက်လေဆိပ်များမှ ပျံသန်းထွက်ခွာကာ လေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။ ဆွီဒင် တောင်ပိုင်း-အလယ်ပိုင်းရှိ လေကြောင်းလေ့ကျင့်ရေးစခန်းကို ဧပြီ ၂၄ မှ မေ ၁၁ ရက်နေ့အထိ အသုံးပြုသွားမည် လည်းဖြစ်သည်။

လေ့ကျင့်မှု၏ အဓိကအစိတ်အပိုင်းများမှတစ်ခုမှာ ဆွီဒင်အား ကူညီရေးနှင့် နိုင်ငံခြားတပ်ဖွဲ့များ၏ ထောက်ပံ့ ပေးနိုင်မှုတို့အတွက်ဖြစ်သည်ဟုလည်း ဆွီဒင် Skaraborg တပ်ရင်းမှ အရာရှိတစ်ဦးက ဆွီဒင်ရေဒီယို အင်တာဗျူး တစ်ခုတွင် ရှင်းပြခဲ့သည်။

Source: တာ့စ်သတင်းဌာန